စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ထဲက ကြာပိုင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဒေသခံရွာသားတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှုနဲ့ နေအိမ်တွေ မီးရှို့ခံရမှုဖြစ်စဉ်ကို Myanmar Witness အဖွဲ့က သက်သေ အထောက်အထားတွေနဲ့ တကွ ဖော်ထုတ်လိုက်ပါတယ်။
ကြာပိုင်ကျေးရွာက ရွာသားတွေ မီးရှို့သတ်ဖြတ်ခံရမှုဟာ ၂၀၂၃၊ ဒီဇင်ဘာ၂ရက်နေ့က ဖြစ်ပွားခဲ့တာပါ။ စစ်ကောင်စီနဲ့ သူတို့လက်အောက်ခံ ပျူစောထီးပူးပေါင်းအဖွဲ့တွေက ကျေးရွာတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးတာအပြင် ရွာသားအချို့ကို ဖမ်းဆီး မီးရှို့သတ်ဖြတ်ခဲ့တာလို့ဆိုပါတယ်။
ကြာပိုင်ကျေးရွာအတွင်း ဖြစ်ပွားခဲ့ ဖြစ်ရပ်ကို ၃ လကျော်အကြာမှာ စုံစမ်းဖော်ထုတ်ချက်တွေနဲ့ အတူ Myanmar Witness က ထုတ်ပြန်လာတာဖြစ်ပါတယ်။