ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ၂ ပတ်ကျော်ကြာ တိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက်စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
AA သိမ်းပိုက်လိုက်တဲ့ စခန်းတွေဟာ စစ်ရေးဗျူဟာအရ အရေးပါတဲ့ စခန်းတွေဖြစ်တယ်လို့ ရခိုင်ဝါရင့် နိုင်ငံရေးသမားကြီး ဦးဖေသန်း ကလည်း မှတ်ချက်ပြုပါတယ်။
ရသေ့တောင်မြို့နယ်အတွင်းမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း အမှတ်(၅၃၆)၊ (၅၃၇)၊ (၅၃၈) တို့ကို မတ်လ ၁၇ ရက်နေ့ ညနေပိုင်းက အလုံးစုံ အပြီးသပ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲအတွင်းမှာ စစ်မှုထမ်းဥပဒေကနေ ခေါ်ယူထားပြီး စစ်ကောင်စီက လောလောလတ်လတ်စစ်သင်တန်းပေးထားတဲ့ မွတ်စလင် အချို့လည်း ပါဝင်ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေ၊ စစ်ကောင်စီရဲ့ ရုပ်အလောင်းတွေ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုသိမ်းဆည်းရမိခဲ့သလို၊ စစ်ကောင်စီ တပ်သား နှစ်ရာကျော်က စစ်သင်္ဘောတွေနဲ့ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရသေ့တောင်မြို့ဟာ ရခိုင်ပြည်နယ်ထဲမှာ AA သိမ်းလိုက်တဲ့ ၈ မြို့မြောက်ဖြစ်ပါတယ်။