ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ဧပြီလမှာ စတင်မယ့် စစ်သင်တန်း အတွက် လူငယ်တွေကို ခေါ်ယူရာမှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လုပ်ပိုင်ခွင့်တွေနဲ့ အမျိုးမျိုး ချယ်လှယ်ပြီး ဗြောင်အဂတိ လိုက်စားနေတယ်လို့ ဆိုကြပါတယ်။
ရန်ကုန်တိုင်းအတွင်းက တချို့ မြို့နယ်တွေမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အပါအဝင် ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေ က စစ်မှုမထမ်းချင်တဲ့ လူငယ်တွေရဲ့ မိသားစုတွေဆီကနေ ငွေတောင်းပြီး လူစားထိုးပေးတာတွေ လုပ်ဆောင်နေတယ်လို့ ကိုယ်တိုင်ကြုံနေရတဲ့ သူတွေက ဧရာ၀တီ ကိုပြောပါတယ်။
စစ်မှု မထမ်းချင်ရင် ငွေ သိန်း ၂၀ ကနေစပြီး သိန်းဆယ်ချီ ဂဏန်းထိ သက်ဆိုင်ရာ မြို့နယ်အလိုက် ပေါက်စျေးရှိကြောင်း ဒေသခံတွေ ဆိုကြပါတယ်။ ဒါ့အပြင် တချို့မြို့နယ်တွေမှာစစ်မှုထမ်းရမယ့် သူတွေအတွက် ထောက်ပံ့ဖို့ဆိုပြီး တအိမ်ကို ၅၀၀၀ ကျပ် ကောက်ခံနေတာတွေလည်း ရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ သူတို့ထိန်းချုပ်ထားတဲ့ မီဒီယာတွေကနေသာမက လက်ကမ်းစာစောင်တွေပါဖြန့်ဝေပြီး စစ်မှုထမ်းကြဖို့ စည်းရုံးနေပါတယ်။