မွန်ပြည်သစ်ပါတီ (NMSP) ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော တို့ ဦးဆောင်တဲ့ နိုင်ငံရေးပိုင်း၊ တပ်ပိုင်းဆိုင်ရာအင်အား ရာနဲ့ချီတဲ့ အဖွဲ့ဝင်တွေဟာ “စစ်အာဏာရှင် တိုက်ဖျက်ရေး” ကြေညာပြီး MNSP ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ခွဲထွက်လိုက်ကြပါတယ်။
NMSP ဟာ တနိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပေမယ့် အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ စေ့စပ်ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေတဲ့ အပေါ် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုတွေရှိခဲ့ပြီး အခုလို ၂ ဖွဲ့ကွဲသွားတာဖြစ်ပါတယ်။
NMSP ကို ၁၉၅၈ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ မှာ နိုင်ရွှေကျင် က ဦးဆောင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ NCA လက်မှတ်ရေးထိုးထားတာဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီ ၂ ဖွဲ့ကွဲသွားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး အပစ်ရပ် ၇ ဖွဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ NMSP ရဲ့ ဗဟိုအလုပ်အမှုဆောင် နိုင်အောင်မငေး ကို သတင်းမီဒီယာတွေက တွေ့ဆုံမေးမြန်းထားတဲ့ အထဲက အချက်တချို့ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။