ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနဘေးမှာ တည်ဆောက်ထားတဲ့ စီမံကိန်းကြီး တခုပါ။ ဒီစီမံကိန်းဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဖလူးကျေးရွာအုပ်စုထဲက ကျောက်ခက် ဆိုတဲ့ ကျေးရွာလေးထဲမှာ တည်ဆောက်ထားတာဖြစ်ပါတယ်။
အင်ဖက်မိုး၊ သွပ်မိုး အဆောက်အအုံလေးတွေ မြင်နေရတဲ့ ကျောက်ခက် ကျေးရွာလေးရဲ့ဘေးမှာ အခန်းတိုင်း လေအေးပေးစက်တွေ တပ်ဆင်ထားတဲ့ သုံးထပ်တိုက် အဆောက်အအုံကြီးတွေ ရှိနေပါတယ်။
ဒီစီမံကိန်းဧရိယာထဲကို ဒေသခံသာမန်အရပ်သားတွေ အနားကပ်ခွင့် မရှိသလို စီမံကိန်းထဲမှာ ဘယ်သူတွေရှိတယ်၊ ဘာတွေလုပ်နေကြတယ် ဆိုတာကိုလည်း သိခွင့်မရကြပါဘူး။
ကျောက်ခက် ရွာလေးကို အမှီပြုတည်ဆောက်ထားတဲ့ ဒီစီမံကိန်းကို “ကျောက်ခက် ကာစီနိုရုံ” လို့ပဲ ဒေသခံတွေက အလွယ် ခေါ်ကြတာပါ။ တကယ်တော့ ဒီနေရာဟာ ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ စုပြီးလုပ်ကိုင်နေကြတဲ့ တရားမဝင် စီမံကိန်းကြီးဖြစ်ပါတယ်။
ဒီစီမံကိန်းထဲက ဆိုးဝါးလွန်းတဲ့ ငရဲခန်းဖြစ်စဉ်တွေ အပြင်ကိုစတင် ပေါ်ထွက်လာတာ ကတော့ စီမံကိန်းအတွင်းမှာ အဓမ္မရောင်းစားခံထားရတဲ့ နိုင်ငံခြားသားတွေဆီကဖြစ်ပါတယ်။
ကျောက်ခက် ရွာသူ၊ ရွာသားတွေတောင် အရိပ်နင်းခွင့်မရတဲ့ ဒီစီမံကိန်းထဲမှာ နိုင်ငံတကာက လူကုန်ကူး၊ ရောင်းစား ခံထားရတဲ့ နိုင်ငံခြားသားတွေ အများအပြား ရှိနေသလို အဓမ္မပြုကျင့်မှုနဲ့ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံနေကြရတဲ့ ဖြစ်စဉ်တွေလည်း ဒီစီမံကိန်းကြီးထဲမှာ အများအပြား ရှိနေပါတယ်။
သက်ဆိုင်ရာ နိုင်ငံအလိုက် သံရုံးတွေကို အကူအညီတောင်းပြီး လွတ်မြောက်လာကြသူ အနည်းငယ်ရှိကြပေမယ့် အများစုကတော့ ကူကယ်ရာမဲ့ ဘဝနဲ့ ပိတ်လှောင်ခိုင်းစေခံနေရဆဲဖြစ်ပါတယ်။
(ယခု ရုပ်သံဆောင်းပါးကို ဧရာဝတီ၏ Investigative Desk စုံစမ်းစစ်ဆေးရေးဌာန က ရေးသားထုတ်ဝေသည်။)