နေပြည်တော်မှာ ရှိတဲ့ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့နေအိမ် အပါအဝင် စစ်ရုံးချုပ်နဲ့ ဧလာလေဆိပ်တို့ကို မောင်းသူမဲ့ Kamikaze ဒရုန်းယာဉ် ၂၈ စီးနဲ့ ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ ဒရုန်းတပ်ဖွဲ့တွေက ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးအခြေအနေကို အတိအကျ မသိရသေးပေမယ့် လုံခြုံရေး အထပ်ထပ် ပိတ်ဆို့ကာရံထားပြီး၊ စစ်ခေါင်းဆောင်တွေရဲ့ ခံတပ် တခုဖြစ်တဲ့ နေပြည်တော်ကို တိုက်ခိုက်ခြိမ်းခြောက်နိုင်တာဟာ စစ်ခေါင်းဆောင်တွေအတွက်တော့ တုန်လှုပ်ခြောက်ခြားမှု ဖြစ်နိုင်တယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့ကြတဲ့ အရာရှိ စစ်သည်တွေက ဧရာဝတီကို မှတ်ချက်ပြုပါတယ်။
အဲဒီတိုက်ခိုက်မှုကို NUG လက်အောက်ခံ KLOUD Team၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ် (၃၅၀၂) တပ်ခွဲ (၁) Orion Drone Team နဲ့ Power of Ababil (POA ) ဒရုန်းတပ်တွေက တိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့ ပါဝင်တဲ့သူတွေက ဧရာဝတီကို ပြောပါတယ်။