တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ၅လအတွင်း အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ တသိန်း ခြောက်သောင်း နီးပါးတိုးလာနေပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက် အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိနေပြီလို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ပါတယ်။
ဧပြီ ၄ ရက်နေ့နဲ့ ၅ရက်နေ့က ထုတ်ပြန်ထားချက်တွေထဲမှာ ရခိုင်ပြည်နယ်အတွင်း သောက်သုံးရေ နဲ့ စားနပ်ရိက္ခာပြတ်လပ်မှုတွေ ဖြစ်ပွားနေပြီး လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေဟာလည်း အရေးပေါ် လိုအပ်နေတယ်လို့ ဆိုထားပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ်ပေါင်း၁၇မြို့ရှိတဲ့အနက် မာန်အောင်၊ သံတွဲနဲ့ ဂွမြို့နယ်တွေကလွဲပြီးတော့ ကျန်ဒေသတွေမှာ စစ်ဘေးရှောင်စခန်းတွေ ဖွင့်လှစ်ထားရတာ ဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူ သုံးသန်း ငါးသောင်းကျော်ရှိနေပြီ လို့သိရပါတယ်။