နေပြည်တော်က စစ်ကောင်စီရဲ့ ဧလာလေတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက ဧပြီလ ၁၁ ရက်နေ့မနက် ၄ နာရီကျော်မှာ ရှော့တိုက်ဒုံး ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ Brave Warriors For Myanmar (BWM) အဖွဲ့က တရားဝင် ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒါဟာ တပတ်အတွင်း ဒုတိယ အကြိမ် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး ဧပြီလ ၄ ရက်နေ့ကလည်း ဧလာလေတပ်စခန်း၊ အာဏာသိမ်း ခေါင်းဆောင်နေအိမ်နဲ့ နေပြည်တော် စစ်ရုံးချုပ်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ KLOUD Team၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ် (၃၅၀၂) တပ်ခွဲ (၁) Orion Drone Team နဲ့ Power of Ababil (POA ) ဒရုန်းတပ်တွေက မောင်းသူမဲ့ Kamikaze ဒရုန်းယာဉ် ၂၈ စီးနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။
BWM ကတော့ သူတို့ရဲ့တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ တိုက်လေယာဥ်တစင်း၊ စစ်ကား ၃စီးနဲ့ လေတပ်အရာရှိအပါအဝင် တပ်သား ၂၀ လောက် သေဆုံးကြောင်း တပ်တွင်းသတင်းတွေ အရ စုံစမ်းသိရှိရတယ်လို့ ပြောပေမယ့် ဧရာဝတီအနေနဲ့ သီးခြားအတည်ပြု နိုင်ခြင်းတော့ မရှိသေးပါဘူး။
စစ်တပ်လော်ဘီချန်နယ်တွေမှာလည်း နေပြည်တော်၊ လယ်ဝေးမြို့နယ် အေလာမြို့အနီးမှာ မပေါက်ကွဲသေးတဲ့ ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပေါက်ကွဲပြီး ရှော့တိုက်ဒုံးအခွံ ၄ လုံးတို့ကို တွေ့ရှိခဲ့ရတယ်ဆိုတဲ့ ရေးသားချက်တွေလည်း ရှိနေပါတယ်။