တိုက်ပွဲတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံ မြဝတီမြို့နယ်ထဲက ဒေသခံပြည်သူတွေဟာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်းကို ဧပြီလ ၉ ရက်နေ့ကစပြီး အလုံးအရင်းနဲ့ ဝင်ရောက်နေကြပါတယ်။
မြဝတီမြို့ပြင်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန်ကတည်းက စိုးရိမ်နေကြတဲ့ ဒေသခံတွေဟာ အမှတ် (၁) ချစ်ကြည်ရေးတံတားကတဆင့် မဲဆောက်ဘက်မှာ ခိုလှုံကြဖို့ ဝင်ရောက်နေကြတာဖြစ်ပါတယ်။
ကူးဖြတ်လာသူတွေဟာ နေ့စဉ် ရာနဲ့ချီရှိတာကြောင့် မဲဆောက်ဘက်ခြမ်းမှာ ခိုလှုံသူ ထောင်ဂဏန်းအထိ ရှိလာပြီး၊ အချို့ဆိုရင် နေစရာမရှိလို့ တံတားနဘေးမှာပဲ ရှိနေကြတယ်လို့လည်း ဆိုပါတယ်။