မြဝတီ မြို့ပေါ်က နောက်ဆုံးကျန်ခဲ့တဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ (၂၇၅) တပ်ရင်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ရှင်းလင်းခဲ့ပြီး နောက်မှာ မြဝတီမြို့ထဲကို ဧရာဝတီသတင်းအဖွဲ့ သွားရောက်ခဲ့ပါတယ်။
ကရင်ပြည်နယ်ရဲ့ခရိုင်ရုံးစိုက်ရာ မြို့တမြို့ဖြစ်ပြီး ထိုင်း မြန်မာနယ်စပ်ရဲ့ ကုန်သွယ်ရေး မှာ အဓိက အရေးပါတဲ့ မြဝတီမြို့မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရား မရှိတော့ပါဘူး။
မြို့ကို လည့်ပတ် ကြည့်ရှုခဲ့ရာမှာတော့ အဓိက မိန်းလမ်းမကြီးပေါ်မှာ တည်ရှိတဲ့ အုပ်ချုပ်ရေး ရုံးတွေဖြစ်တဲ့ ခရိုင်ရဲတပ်ဖွဲ့ရုံး၊ အထွေထွေ အုပ်ချုပ်ရေးရုံး နဲ့ စည်ပင်ရုံးတွေမှာတော့ လူသူကင်းမဲ့နေပါတယ်။
အခုဆိုရင် မြဝတီ ပတ်ဝန်းကျင်မှာ စစ်တပ်စခန်းဆိုလို့ လေးကေ့ကော် မြို့သစ်အနီးက စွယ်တော်ကုန်း စခန်းနဲ့ ဝေါလေဗျူဟာကုန်း စခန်း ၂ ခု ကျန်နေပါတယ်။ အဲဒီစခန်းကုန်းတွေလည်း ရှေ့မကြာခင် ကရင့်တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်လိမ့်မယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ စစ်တပ်လက်အောက်ခံ အဖြစ် ဆက်မလုပ်တော့ဘဲ ကရင်အမျိုးသားတပ်မတော် (KNA) လို့ ပြောင်းလဲဖွဲ့စည်းခဲ့ပြီးနောက် ကရင်အချင်းချင်း မတိုက်ရေးမူ ကို ချမှတ်ခဲ့ပြီးစစ်တပ်နဲ့အတူ အရင်လို ပူးပေါင်းတိုက်ခိုက်ရာမှာ မပါဝင်တော့တာကြောင့် စစ်တပ်ဟာ မြဝတီပြန်ရောက်ဖို့ မလွယ်ဘူးလို့ ပြောဆိုသုံးသပ်တာတွေကိုလည်း ကြားခဲ့ရပါတယ်။