ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီကုန်သွယ်ရေး အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးမှာ ပုန်းခိုနေတဲ့ စစ်ကောင်စီတပ်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပါတယ်။
အဲဒီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီလ ၁၉ ရက်နေ့ညပိုင်းကစပြီး ဒရုန်းနဲ့ Drop ဗုံးချ တိုက်ခိုက်ခဲ့ပြီး မြေပြင်ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ၂၀ ရက်နေ့ မွန်းလွဲပိုင်းထိ ဖြစ်ပွားနေတာဖြစ်ပါတယ်။
ထိုင်းနယ်စပ်မျဉ်းကို အကာကအကွယ်ယူပြီး ပုန်းခိုနေတဲ့ စစ်ကောင်စီတပ်တွေဟာ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေသလို တချို့က ကစဉ့်ကလျားထွက်ပြေးနေကြတယ်လို့ မြေပြင်သတင်း ရင်းမြစ်က ပြောပါတယ်။
ပုန်းခိုနေတဲ့ တပ်ဖွဲ့ဝင်တွေ လွတ်မြောက်ဖို့ စစ်ကောင်စီတပ်က MI 35 တိုက်ခိုက်ရေး ရဟတ်ယဉ် နဲ့ ကာကွယ် ပစ်ခတ်မှုတွေ လုပ်ခဲ့ပေမယ့် ထိရောက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် တိုက်ပွဲထဲက ကျည်တချို့ ထိုင်းနိုင်ငံဘက်ကို ကျရောက်ခဲ့တယ်လို့ သိရပါတယ်။