ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် ၁ တံတား ဖွင့်လှစ်ထားပေမယ့် မြန်မာနိုင်ငံဘက်က လူဝင်မှုကြီးကြပ်ရေးရုံး လုပ်ငန်းတွေ ရပ်ဆိုင်း သွားပြီဖြစ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ခရီးသည်တွေက ပြောပါတယ်။
မြဝတီမြို့ က စစ်ကောင်စီတပ်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်း တော်လှန်ရေး တပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကူး တံတားမှာ လဝက ရုံးတွေ ဆက်လက် လည်ပတ်ခွင့်ပေးထားပေမယ့် ဧပြီလ ၂၂ ရက်နေ့မှာတော့ ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။
ပုံမှန်ကာလတွေမှာတော့ ဒီတံတားကိုအသုံးပြုပြီးထိုင်းနိုင်ငံထဲကို ဝင်ရောက်သွားလာနေသူ နေ့စဉ်ထောင်နဲ့ချီရှိတယ်လို့ သိရပါတယ်။
လဝက ရုံးဟာ ၂ နိုင်ငံ ဝင်ထွက်သူတွေကို ကြီးကြပ် စိစစ်ပြီး ခွင့်ပြုပေးနေရတဲ့ နေရာ ဖြစ်ပြီး ဒီလုပ်ငန်းစဉ်တွေ ရပ်ဆိုင်းသွားတဲ့ အတွက် ထိုင်းနိုင်ငံဘက်မှာ နေထိုင်ခွင့် သက်တမ်း မရှိဘဲ အသစ်ဝင်လိုသူတွေ အတွက် အခက်အခဲဖြစ်ကုန်ကြရပါတယ်။