အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ နာယကလည်းဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်း ဖြစ်တဲ့ သူရဦးတင်ဦး ကိုတင်ဆောင်လာတဲ့ ယာဉ်တန်းဟာ တက္ကသိုလ်ရိပ်သာ လမ်းမှာ ရှိတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစာကြည် ရဲ့ ခြံအမှတ် ၅၄ ရှေ့ကနေ ဖြတ်သန်းသွားတာဖြစ်ပါတယ်။
ဈာပန အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့တာဖြစ်ပါတယ်။
သူရဦးတင်ဦးရဲ့ နာရေးအခမ်းအနားကို စစ်ကောင်စီက မတရားပုဒ်မတွေနဲ့ အကျဉ်းချထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရဲ့ ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ချိုချို အပါအဝင် NLD ပါတီဝင်တွေ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ နိုင်ငံတကာ သံအမတ်တွေက တက်ရောက်ဂါဝရပြုခဲ့ကြပါတယ်။
ဒါ့အပြင် စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်လည်း လာရောက်တာကို တွေ့ရပါတယ်။
နာရေး အခမ်းအနားမှာတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ လွမ်းသူ့ပန်းခြင်း အပါအဝင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ သမ္မတဟောင်း ဦးထင်ကျော်နဲ့ဇနီး ဒေါ်စုစုလွင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် တို့အပြင် ပါတီဝင်တွေရဲ့ လွမ်းသူ့ပန်းခြင်းတွေကို တွေ့ရသလို၊ နိုင်ငံတကာ သံရုံးတွေကပေးပို့ထားတဲ့ လွမ်းသူ့ပန်းခြင်းတွေကိုလည်း မြင်တွေ့ရပါတယ်။
သူရဦးတင်ဦးကို ၁၉၂၇ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့ပြီး၊ ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူရင်း လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာတော့ အသက် ၉၈ နှစ်ရှိပြီ ဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR