ကချင်ပြည်နယ် ဝိုင်းမော် နဲ့ ဆဒုံးမြို့ ကားလမ်းဘေးက စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေ အထိုင်ချထားတဲ့ စခန်း ၃ ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ဧရာဝတီကို အတည်ပြုပါတယ်။
ဝိုင်းမော်မြို့နယ် ဘွမ်တောင်စခန်း၊ ဝိုင်းမော် – ချီဖွေ-ဆဒုံး လမ်းသုံးခွဆုံမှာရှိတဲ့ ၁၃ မိုင်ဂိတ်နဲ့ လဖိုင် နယ်ခြားစောင့်တပ် (BGF) ၁၀၀၃ စခန်းတွေကို KIA က ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
စခန်းတခုဆီမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်အင်အား အနည်းဆုံး ၃၀ ကနေ ၄၀ လောက်အထိ အထိုင်ချထားတဲ့ စခန်းဖြစ်တွေဖြစ်ပြီး စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါတဲ့ စခန်းတွေ ဖြစ်တယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။
ဇွန်လ ၁၁ ရက်နေ့ နေ့လည်ပိုင်းအထိ ၁၃ မိုင်ဂိတ်စခန်းမှာ တိုက်ပွဲတွေ ဆက်ရှိနေသလို ဆဒုံးဗျူဟာကုန်းကိုလည်း KIA က ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။
KIA အနေနဲ့ ဝိုင်းမော် – ဆဒုံး လမ်းပိုင်းကို ဖြတ်တောက်ဖို့ကြိုးစားနေတာဖြစ်နိုင်ပြီး ကချင်ပြည်ထဲက နောက်ဆုံးကျန်တဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကန်ပိုက်တီဂိတ်ကို ခြိမ်းခြောက်လာနိုင်တဲ့အနေအထားဖြစ်တယ်လို့ ဝါရင့် စစ်ရေးသုတေသီက ထောက်ပြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR