ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ဆတ်ရိုးကျရပ်ကွက် (ခေါ်) ဗျိုင်းဖြူ ကျေးရွာကနေ စစ်ကောင်စီ ဖမ်းဆီးသွားတဲ့ ဒေသခံ အမျိုးသား ၅၀၀ ကျော်ထဲက ၈၅ ဦးဟာ ဖမ်းဆီးခံရပြီး တပါတ်အကြာမှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ဒဏ်ရာတွေနဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့မေလ ၃၁ ရက်နေ့က ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပြီး ဇွန်လ ၇ ရက်နေ့မှာ စစ်တွေမြို့ အမှတ်၂ နယ်မြေရဲစခန်းကို ပြန်လည်ပို့ဆောင်ပေးခဲ့တာလို့ လွတ်မြောက်လာသူတွေက ဧရာဝတီကို ပြောပြောပြကြပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ဗျိုင်းဖြူကျေးရွာကို မေလ ၂၉ ရက်နေ့က ဝင်ရောက်ကာ ဒေသခံတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့ကြပြီး အသက် ၆၀ အောက် အမျိုးသား ၅၀၀ ကျော်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံခဲ့ရသူတွေထဲက အမျိုးသမီး ၃ ဦး အဓမ္မကျင့်ခံရပြီး ၇၆ ဦးသတ်ဖြတ်ခံခဲ့ရတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူးလို့ ဆိုပေမယ့် ဒေသခံတွေပြောပြချက်အရ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ စစ်တွေအခြေစိုက် အမှတ် (၉) ခြေလျင်တပ်ရင်း ထဲကိုဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR