စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာ မြန်မာ့ရွှေစျေးဟာ အခေါက်ရွှေ တကျပ်သားကိုသိန်း ၆၀ ဝန်းကျင်အထိ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။ အာဏာမသိမ်းခင် ၂၀၂၀ က အခေါက်ရွှေ တကျပ်သားကို ကာလပေါက်စျေး ၁၂ သိန်းဝန်းကျင်သာ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ၅ ဆ ဝန်းကျင်အထိ တဟုန်ထိုး မြင့်တက် လာခဲ့တာ ဖြစ်ပါတယ်။
ဒီလို ရွှေစျေးနှုန်း အဆမတန် ထိုးတက်လာမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အတွက် ပြည်တွင်းက ရွှေလုပ်ငန်းရှင်များ အသင်းကနေ တဆင့် စစ်ကောင်စီက သတ်မှတ်ထားတဲ့ စျေးနှုန်းနဲ့ ရောင်းချစေပြီး ပြည်တွင်း ရွှေစျေးနှုန်းကို ထိန်းချုပ်ဖို့
ကြိုးပမ်းခဲ့ပါတယ်။
စစ်ကောင်စီရဲ့ သတ်မှတ်စျေးဟာ ကာလပေါက်စျေးထက် နည်းပါးလွန်းတာကြောင့် ရွှေဆိုင်တွေအနေနဲ့ အဲ့ဒီ သတ်မှတ်စျေးအတိုင်း ဝယ်ယူသူတွေကို ပြန်လည် ရောင်းချပေးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း စစ်ကောင်စီ သတ်မှတ်ထားတဲ့ စျေးတွေအတိုင်း ရောင်းချပေးနေကြတဲ့ ဆိုင်တွေ ရှိနေပြီး အကန့်အသတ်နဲ့ ရောင်းချပေးနေတာကြောင့် ဝယ်ယူနိုင်ဖို့ တန်းစီ စောင့်ဆိုင်းနေကြရတယ်လို့ ရွှေဝယ်ယူသူတွေက ဧရာဝတီကို ပြောပြကြပါတယ်။
ရွှေဆိုင်တွေကို သတ်မှတ်စျေးနှုန်းနဲ့ ရောင်းချခိုင်းတာ၊ အကန့်သတ် စနစ်နဲ့ တန်းစီ ဝယ်ယူရတာတွေဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒါဟာ မြန်မာငွေကျပ်တန်ဖိုး တဟုန်ထိုးကျဆင်းလာတာကို မီးမောင်းထိုးပြနေသလို ငွေကြေးဖောင်းပွလာမှုနဲ့ ဆုတ်ယုတ်လာတဲ့ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေတွေကို မီးမောင်းထိုးပြနေတာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက သုံးသပ်နေကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR