ချင်းပြည်နယ်တောင်ပိုင်းက မတူပီမြို့မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ စစ်ဆင်ရေးပြုလုပ်နေကြတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့ ၂ ဖွဲ့အကြား ပဋိပက္ခတွေ ဖြစ်နေကြပါတယ်။
ညီနောင်မဟာမိတ် ၆ ဖွဲ့နဲ့ စုဖွဲ့ထားတဲ့ ချင်းညီနောင် တပ်တွေနဲ့ ချင်းအမျိုးသားတပ်ဦး၊ ချင်းအမျိုးသားတကပ်မတော် (CNF/CNA) လက်အောက်ခံတပ်တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီကို တိုက်နေတဲ့ ချင်းညီနောင်တပ်ဖွဲ့တွေကို အာရက္ခတပ်တော် (AA) က စစ်ကူပေးနေတယ်လို့လည်း သိရပါတယ်။
မတူပီအခြေစိုက် စစ်ကောင်စီရဲ့ ခမရ ၃၀၄ ကို ချင်းညီနောင်တပ်ဖွဲ့တွေက ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းပိုက်ပြီးတဲ့နောက် လက်ကျန် ခလရ ၁၄၀ ကို ဆက်လက်သိမ်းပိုက်နိုင်ဖို့ စစ်ကြောင်းထိုးချိန် ဇွန်လ ၁၈ ရက်နေ့မှာ CNA တပ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်းရင်းအပေါ် နှစ်ဘက်အဖွဲ့အစည်းတွေက အပြန်အလှန်စွပ်စွဲမှုတွေ ရှိနေကြပါတယ်။
ဒါ့အပြင် အချင်းချင်းနှစ်ဘက်တိုက်ပွဲတွေကို မလိုလားတာကြောင့် ခလရ ၁၄၀ ဘက်ကနေ ဆုတ်ခွာပေးဖို့ အပြိုင်အဆိုင် ပြောဆိုနေကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR