ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအကျော့ အရှိန်မြင့်လာချိန်မှာပဲ “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့က တန့်ယန်းမြို့ နဲ့ မိုင်းရယ်မြို့တွေကို ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်ကြပါတယ်။
UWSA က တန့်ယန်းမြို့ကို အင်အားအလုံးအရင်းနဲ့ ဝင်ရောက်နေရာယူ လိုက်တာဖြစ်ပြီး SSPP/SSA ကတော့ မိုင်းရယ်မြို့ကို နေရာဝင်ယူလိုက်တာဖြစ်ပါတယ်။ ဒီမြို့တွေနားကို ၁၀၂၇ ဒုတိယအကျော့ စစ်ဆင်ရေးလှုပ်ရှားမှုတွေ နီးကပ်လာချိန်မှာ အခုလိုနေရာယူလိုက်ကြတာဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေများပြားပြီး တချို့ဟာ အာဏာသိမ်း စစ်တပ်ကို စစ်ဆင်ရေးပြုလုပ်နေတဲ့ အထဲမှာ ပါဝင်နေကြပေမယ့် စစ်ဆင်ရေးမှာ မပါဝင်တဲ့ အဖွဲ့တွေလည်း ရှိနေကြပါတယ်။ ဒါပေမယ့် မြေပြင် ထိန်းချုပ်နယ်မြေကိစ္စ အငြင်းပွားမှုတွေမှာတော့ ပါဝင်လာကြတာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ၁၀၂၇ ဒုတိယအကျော့ စစ်ဆင်ရေးကို ဦးဆောင်နေတဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ SSPP/SSA တပ်တွေ အကြား မြေပြင်မှာ ပဋိပက္ခဖြစ်ပွားခဲ့တာကြောင့် UWSA ဌာနချုပ် ပန်ဆန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ရပါသေးတယ်။
ဒီအကြောင်းအရာတွေ အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ရေး၊ နိုင်ငံရေး မျက်နှာစာမှာ တရုတ်ကရော ဘယ်လောက်ပါဝင်ပတ်သက်မှုတွေ ရှိနေသလဲဆိုတဲ့အကြောင်းကို ရှမ်းသံတော်ဆင့် သတင်းဌာန တည်ထောင်သူဖြစ်တဲ့ ဦးခွန်ဆိုင်း ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#ဧရာဝတီ #UWSA #SSPP #TNLA #တန့်ယန်း #၁၀၂၇စစ်ဆင်ရေး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR