ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာနောက်ဆုံးကျန်ရှိနေတဲ့ မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော်( AA) က ဝင်ရောက်တိုက်ခိုက်နေတယ်လို့ AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သူခ က ပြောပါတယ်။ မြေပြင် သတင်းတွေအရ ဒီရေတပ်စခန်းကို AA က ဇူလိုင်လ တတိယပတ်ထဲက ဝင်တိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။
သံတွဲမြို့နယ်မှာရှိတဲ့ ခြေမြန်တပ်ရင်း ခမရ (၅၆၆) နဲ့ ခြေလျင်တပ်ရင်း ခလရ (၅၅) တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် မောင်ရွှေလေး ရေတပ်စခန်းကို AA က ဆက်လက်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။
မောင်ရွှေလေး ရေတပ်စခန်းဟာ နယ်မြေခံတပ်ဖြစ်ပြီး ရေတပ်ပင်မရေငုပ်နှင့် ဆယ်ယူရေးတပ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းက ဒီစခန်းကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာခဲ့ဖူးပါတယ်။ ဒီရေတပ်စခန်းက စစ်ကောင်စီအတွက်ရော AA အတွက်ပါ အရေးပါတဲ့ စခန်းဖြစ်တယ်လို့ သိရပါတယ်။
သံတွဲမြို့တွင်းမှာရှိတဲ့ ဟိုတယ်ဇုန်တွေ၊ လေဆိပ်တွေအပါအဝင် မြို့တခုလုံးကို စွန့်လွှတ်လိုက်ရတဲ့ စစ်ကောင်စီက နောက်ဆုံးကျန်ရှိတဲ့ မောင်ရွှေလေး ရေတပ်စခန်း ကျမသွားရေးအတွက် အပြင်းအထန် ခုခံမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #မောင်ရွှေလေးရေတပ်စခန်း #ရခိုင်ပြည်နယ် #သံတွဲ #AA
——————————————–
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR