၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုဟာ မြန်မာပြည်သူတွေရဲ့ နှလုံးသားကို ဆွဲဖြုတ်လိုက်သလို ဖြစ်ခဲ့ပြီး လူထုလူတန်းစား အသီးသီးအတွက် မျှော်လင့်ချက်တွေကင်းမဲ့သွားစေခဲ့ရပါတယ်။
ပြည်သူတွေဟာ မြို့ပြရော ကျေးလက်တွေမှာပါ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး စစ်တပ် အာဏာသိမ်းမှုကို လက်မခံကြောင်း ပြသခဲ့ကြပေမယ့် စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် သွေးမြေကျခဲ့ရပါတယ်။
အလွှာစုံပါဝင်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေထဲမှာ လိင်စိတ်ခံယူမှုကွဲပြားသူ (LGBT) တွေလည်း ပါဝင်ခဲ့ပြီး တချို့ဟာ စစ်တပ်ရဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေအောက်မှာပဲ သေဆုံးခဲ့ကြရပါတယ်။
စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ ဖမ်းဆီးထောင်ချမှုနဲ့ အကြမ်းဖက်နှိပ်စက်မှုတွေကြောင့် လူငယ်တချို့ဟာ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်သွားကြသလို ဝန်ထမ်းတွေကိုယ်တိုင်ကလည်း အကြမ်မဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့ကြပါတယ်။
ဒီလိုအလွှာစုံက ဆန့်ကျင်နေသူတွေကြားထဲမှာ “အာဏာရှင်အောက် ဒူးမထောက်ဘူး”၊ “အာဏာရှင်စနစ်အမြစ်ဖြတ်ရမယ်” ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျရာ အခန်းကဏ္ဍမှာ ရုန်းကန်နေကြသူတွေထဲ လိင်စိတ်ခံယူမှုကွဲပြားသူတွေလည်း ရှေ့ဆုံးမှာ ပါဝင်နေကြတာဖြစ်ပါတယ်။