၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီး မကြာမီ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့များသည် အချိန်တိုအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ လားရှိုးမြို့တွင်းသို့ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့၏။
လားရှိုးမြို့တွင်း စစ်ရှိန်မြင့်နေစဉ် တရုတ်ပါတီ ကွန်ဂရက်ဟုဆိုကာ ဇူလိုင်လ ၁၄ ရက်မှ ၁၈ ရက်နေ့အထိ MNDAA နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့က အပစ်ရပ်ပေးခဲ့ရသည်။
တဖန် ဇူလိုင်လ ၁၉ ရက်နေ့တွင် လားရှိုးမြို့တွင်း ပြန်လည် စစ်ရှိန်မြှင့် တိုက်ခိုက်နေစဉ်မှာပင် တရုတ်တို့၏ တောင်းဆိုချက်အရ ဇူလိုင်လ ၁၉ ရက်မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ MNDAA ဖက်မှ တဖက်သတ် အပစ်ရပ်မည်ဟု ကြေညာပေးခဲ့ရ၏။
သို့သော် လားရှိုးမြို့တွင်း၌ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တဖက်သတ် အပစ်ရပ်ရန် မဖြစ်နိုင်ပေ။ တရုတ်တို့က လားရှိုးမြို့တွင်း အပစ်ရပ်ရန် တိုက်တွန်းဖိအားပေးမှုသည် လက်တွေ့ မကျပေ။ စစ်ကောင်စီတပ်ဖက်ကလည်း ရပ်တန့်မည် မဟုတ်ရာ အပစ်ရပ် ကြေညာသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့၏။
ဤသို့အပစ်ရပ် ကြေညာပေးရခြင်းသည် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ သဘောထားများကြောင့် မဟုတ်ဘဲ တရုတ်တို့၏ အတင်းဖိအားပေးမှုကြောင့် ဖြစ်ကြောင်း တွေ့ရ၏။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း စတင်ပြီး မကြာခင် MNDAA နှင့် TNLA တို့ ချုပ်ကိုင်ထားသည့် နယ်စပ်ဂိတ် အားလုံးကို ပိတ်လိုက်ပြီး ရိက္ခာ၊ ဆေးဝါး၊ လောင်စာဆီ တင်သွင်းခွင့် ရပ်ဆိုင်းကာ အကျပ်ကိုင်ခဲ့၏။ ထို့ပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့၏။ ပြောရလျှင် စစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့များကို ဖြတ်လေးဖြတ် ပြုလုပ်သကဲ့သို့ တရုတ်တို့ကလည်း တထပ်တည်း ပြုမူဆောင်ရွက်ခဲ့၏။
#မြန်မာ #ဧရာဝတီ #တရုတ် #လားရှိုး #MNDAA #TNLA #ရမခ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR