တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သိမ်းပိုက်ထိန်းချုပ် ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့က လူစည်ကားရာ မြို့မဈေးကြီးကို ဩဂုတ်လ ၅ ရက်နေ့မှာ စစ်ကောင်စီ က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ညနေပိုင်းမှာ လာရောက်ဗုံးကြဲ ခဲ့တာဖြစ်ပြီး ပေါင် ၅၀၀ ဗုံး ၇ လုံးကြဲချတိုက်ခိုက်ခဲ့တဲ့ အတွက် လူ ၅ ဦးပွဲချင်းပြီး သေဆုံးခဲ့ကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ကထုတ်ပြန်ထား ပါတယ်။
စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အဓိက အရေးပါတဲ့ စစ်ဌာနချုပ်ဖြစ်တဲ့ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုက်ခိုက်သိမ်းပိုက် ခံရပြီးတဲ့ နောက်မှာ အဓိက ကုန်သွယ်ရေး လမ်းကြောင်းပေါ်က ကွတ်ခိုင်မြို့ကို အခုလို လေကြောင်းတိုက်ခိုက်ခဲ့တာပါ။
ကွတ်ခိုင်မြို့ဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ လားရှိုး− မူဆယ်လမ်းကြောင်းပေါ်မှာ ရှိနေပြီး အရေးပါတဲ့ မြို့တမြို့ဖြစ်ပါတယ်။ ကွတ်ခိုင်မြို့ကို TNLA က ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အုပ်ချုပ်ရေးတွေကိုဆောင်ရွက်နေတဲ့မြို့ဖြစ်ပါတယ်။