“အမေ သားကတော့ ခြေထောက်တဘက်မရှိတော့ဘူးလို့ … ။ ငယ်ငယ်တုန်းကတော့ လမ်းလျှောက်ဖို့က အဖေနဲ့အမေက စသင်ပေးခဲ့တာပေါ့။ ဒါပေမယ့် ဒုတိယတကြိမ် အမေ့သားလမ်းလျှောက်ချင်တယ်။ အခုကတော့ ကိုယ်ဟာကိုယ်ပဲ သင်ယူရတော့မယ်” လို့ ပြောလိုက်တဲ့သူက နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်းအမှတ် ၈၀၁ က တပ်ခွဲမှူး လဂွန်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့က ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို ဦးဆောင်ပြီး ဝင်ရောက်တိုက်ခိုက်ရင်း မြေမြှုပ်မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။
မိုင်းနင်းမိခဲ့တဲ့သူဟာ ဖော်ဆောင်နေတဲ့စစ်ဆင်ရေးအတွက် ဝန်ပိုမှာဆိုးလို့ ကိုယ့်ကိုယ်အဆုံးစီရင်ဖို့ ကြိုးစားခဲ့သူပါ။ နေ့လည် ၁၁ နာရီကျော်မှာမိုင်းထိပြီးတဲ့နောက် Free Burma Ranger အဖွဲ့ရဲ့ အကူအညီနဲ့ ည ၉ နာရီအချိန်မှ ခွဲစိတ်ကုသမှု ခံယူခဲ့ရင်း အသက်ရှင်သန့်ခွင့်ရခဲ့ပါတယ်။
ခြေလက်အစုံနဲ့ မွေးဖွားပေးခဲ့တဲ့ မိခင်ဖြစ်သူကို ခြေထောက်တဖက်ဆုံးရှုံးသွားခဲ့ရတဲ့ အကြောင်း မသိစေချင်ပေမယ့် မိခင်ဖြစ်သူကတော့ ဒီသတင်းကို ရရှိထားပြီးဖြစ်ပါတယ်။ မိခင်ရဲ့ နှစ်သိမ့်မှုတွေဟာ သူ့အတွက် ခွန်အားပါ။ သူကိုယ်တိုင်ကလည်း ကျန်တဲ့ ခြေတဖက်နဲ့ တော်လှန်ရေးခရီး အဆုံးထိလျှောက်ဖို့ ဆုံးဖြတ်ထားပါတယ်။
လက်ရှိမှာတော့ ခြေထောက်တဘက်ဆုံးရှုံးသွားပေမယ့် စိတ်ဓာတ်အင်အားထက်သန်နေသေးတဲ့သူ့ကို တပ်ရင်းမှူးဖြစ်သူက စစ်ရေးဗျူဟာဦးဆောင်သူ၊ စည်းကမ်းထိန်းသိမ်းရေး၊ လက်နက်ခဲယမ်းထိန်းသိမ်းရေးတွေအတွက် တာဝန်ဆက်ပေးထားပါတယ်။
ကရင်နီပြည်နယ်မှာ ရဲဘော်လဂွန်းလို တော်လှန်ရေးအတွင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရသူ ၂၅၀ လောက်ရှိတယ်လို့ ကရင်နီပြည်နယ် ပြန်လည်ထူထောင်ရေးစင်တာက အချက်အလက်တွေအရ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #လဂွန်း #ကရင်နီ #နေပြည်တော်ပြည်သူ့ကာကွယ်ရေးတပ် #ခြေထောက်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR