အာဏာသိမ်းခေါင်းဆောင် လက်အောက်မှ ရုန်းထွက်ပုန်ကန်လိုက်ပါက မိမိ မိသားစုအပါအဝင် လက်အောက်ရှိ အရာရှိစစ်သည်များ၊ မိသားစုဘဝများကို ကယ်တင်နိုင်ပေလိမ့်မည်။ ထို့ပြင် လူထု၏ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှု၊ ထောက်ခံမှု၊ ပူးပေါင်းမှုကို ရရှိလိမ့်မည်။ နွေဦးတော်လှန်ရေး အင်အားစုများနှင့် ချက်ချင်း အပစ်ရပ်နိုင်လိမ့်မည်။ အနာဂတ်ပြည်ထောင်စုတွင် အင်အားစုတစုအနေဖြင့် ပါဝင်ခွင့်ရမည်။ ထို့ပြင် ပြည်တွင်းစစ်ကို အမြန်ရပ်တန့်ပြီး မြန်မာပြည်ပြဿနာကို အားလုံးအတူတကွ တွေ့ဆုံညှိနှိုင်း ဖြေရှင်းနိုင်ပေလိမ့်မည်။
မြန်မာ့ ပြည်တွင်းစစ် အမြန်ရပ်တန့်ပြီး မြန်မာပြည် တည်ငြိမ်ရေးအတွက် စစ်တပ်မှ ဒုတိယတန်း ဗိုလ်ချုပ်များ၏ အဆုံးအဖြတ်သည် အရေးပါသည်။ ဒုတိယတန်း ဗိုလ်ချုပ်များအနေနှင့် မင်းအောင်လှိုင်၏ ညံ့ဖျင်းလှသည့် ခေါင်းဆောင်မှုအောက်တွင် အသေခံရမည့်၊ စစ်ခုံရုံးတင် အပြစ်ပေးခံရမည့်၊ မိသားစုဘဝပျက်မည့် အခြေအနေများအောက်မှ ရုန်းထွက်၍ မိမိနှင့်တပ်ဖွဲ့ဝင်များ၏ မိသားစုဘဝများကို ကယ်တင်ပြီး မြန်မာပြည် ငြိမ်းချမ်းရေး အမြန်ရမည့်လမ်းကြောင်းသို့ ရုန်းထွက်လျှောက်လှမ်းကြရန် လိုအပ်နေပြီဖြစ်ပါသည်။
ဤလမ်းကြောင်းသည် မြန်မာပြည်ပြည်တွင်းစစ်အား အမြန်ရပ်တန့်နိုင်မည့် လမ်းကြောင်းဖြစ်၏။ ဤလမ်းကြောင်းသည် တိုင်းပြည် လျင်မြန်စွာ နလံထူမည့်လမ်းကြောင်း ဖြစ်၏။ ဤလမ်းကြောင်းသည် ပြည်သူလူထုက လှိုက်လှဲစွာ ကြိုဆိုမည့်လမ်းကြောင်း ဖြစ်၏။ ထို့အတူ ဤလမ်းကြောင်းသည် စစ်ဗိုလ်ချုပ်များအတွက်လည်း ဂုဏ်သိက္ခာရှိသည့် လမ်းကြောင်းလည်း ဖြစ်ပါသည်။
#မြန်မာ #ဧရာဝတီ #တိုင်းမှူး #တပ်မမှူး #မင်းအောင်လှိုင် #ပြည်တွင်းစစ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR