ချင်းပြည်နယ် မတူပီမြို့နယ် လောင်းထန်တလန်ရွာမှာ ဒေသခံအချို့က ခရစ်ယာန်အသင်းတော် ဂိုဏ်းပြောင်းလဲခဲ့တာကြောင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရွာကနေ နှင်ထုတ်တဲ့ဖြစ်စဥ် သြဂုတ်လ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါအုပ်ချုပ်ရေးအဖွဲ့ဟာ CDF- လောင်တူရဲ့ အုပ်ချုပ်မှာအောက်မှာရှိတဲ့ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
MEC လို့ခေါ်တဲ့ မရာဧဝံဂေလိ ခရစ်ယာန်အသင်းတော်ကနေ အေဂျီခရစ်ယာန် အသင်းတော်အဖြစ်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တဲ့ မိသားစု ၁၀ စုကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ရွာကနေ နှင်ထုတ်ခဲ့တာလို့ သိရပါတယ်။
နှင်ထုတ်ခံရတဲ့ မိသားစုတွေဟာ ရွာရဲ့အုပ်ချုပ်သူတွေကြားမှာ ထားရှိခဲ့တဲ့ သဘောတူညီမှုကို ချိုးဖောက်ခဲ့တာကြောင့်ဖြစ်တယ်လို့ ဒေသခံက ပြောပြပါတယ်။
ဒါ့အပြင် CDF – လောင်တူရဲ့ အုပ်ချုပ်ရေးအဖွဲ့က အဲဒီမိသားစုတွေရဲ့ နေအိမ်တွေ၊ မြေတွေနဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
ချင်းအမျိုးသားတပ်ဦး (CNA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကတော့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို အလေးထားသင့်တယ်လို့ ဒီဖြစ်စဥ်အပေါ် မှတ်ချက်ပြုပါတယ်။
#မြန်မာ #ဧရာဝတီ #မတူပီ #လောင်းထန်တလန်ရွာ #အသင်းတော်ပြောင်း #နှင်ထုတ်ခံရ #ပိုင်ဆိုင်မှုသိမ်းဆည်း