ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ရေး၊ နိုင်ငံရေးနဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မောင်တောမြို့မှာ စစ်ကောင်စီနဲ့အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီတပ်ဟာ ကိုယ်တိုင် စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားတဲ့ ရိုဟင်ဂျာပျူစောထီးတပ်တွေ အပါအဝင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA)၊ အာရကန် ရိုဟင်ဂျာတပ်မတော် (ARA) နဲ့ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တပ်တွေကို လက်နက်ထောက်ပံ့မှုတွေ ပြုလုပ်ပြီး မောင်တောမြို့ကျမသွားရေးအတွက် ပူးပေါင်း ခံစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မောင်တောနဲ့ စစ်တွေမြို့က လွဲလို့ ကျန်တဲ့ဒေသတွေကို AA က ထိန်းချုပ်ထားပြီး တချို့နေရာတွေမှာ အုပ်ချုပ်ရေးတွေ လည်ပတ်နေပြီ ဖြစ်ပါတယ်။ မြို့နယ်ရုံးတွေအခြေစိုက်ရာ မြို့တော်စစ်တွေကိုတော့ AA က ဝိုင်းပတ် ပိတ်ဆို့ထားနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။
စစ်ကောင်စီအတွက်တော့ မောင်တောဟာ စစ်ရေး၊ စီးပွားရေးအရ အရေးကြီးသလို ဂုဏ်သိက္ခာပိုင်းအရလည်း အရေးပါတဲ့ မြို့ပါ။ နယ်ခြားစောင့်တပ်၊ စစ်တပ်၊ ကင်းစခန်းတွေ အများအပြားရှိပြီး စစ်ကောင်စီရဲ့ ရေတပ်လည်း ရှိပါတယ်။ ဒါကြောင့် မောင်တောမြို့ ကျမသွားရေး အပြင်းအထန် ခုခံနေတာပါ။
#မြန်မာ #ဧရာဝတီ #မောင်တော #ရိုဟင်ဂျာပျူစောထီး #AA #ARSA #ARA #RSO