မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကန်နီကျေးရွာမှာ ပျူခေါင်းဆောင် ကျော်ဆန်းဝင်း ဆိုသူက ငွေစက္ကူတွေကို မိတ္ထူပွားပြီး ရွာထဲမှာ ပြန်လည်အသုံးပြုနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ရွာခံတွေက ဧရာဝတီကို ပြောပြကြပါတယ်။
ဩဂုတ်လ အစပိုင်းကနေ စတင်ပြီး ဒီအစီအစဉ်ကို လုပ်ဆောင်ခဲ့ဖြစ်ပြီး၊ ရွာသားတွေ ကိုင်ဆောင်ထားတဲ့ ပိုက်ဆံတွေဟာ ဟောင်းနွမ်းနေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ သိမ်းယူပြီး အစားထိုးငွေစက္ကူတွေကို မိတ္တူဆွဲပြီးထုတ်ပေးနေတဲ့အပြင် အွန်လိုင်းက လွှဲတဲ့ ပိုက်ဆံတွေကိုပါ အစားထိုးငွေစက္ကူအဖြစ် မိတ္တူထုတ်ပေးနေတာဖြစ်ပါတယ်။
အဲဒီပိုက်ဆံအတုရဲ့ နောက်ကျော စက္ကူဗလာပေါ်မှာ ကျော်ဆန်းဝင်းက သူရဲ့ နာမည်၊ ရာထူးနဲ့ မြို့လိပ်စာကို တံဆိပ်တုံး ထုထားပြီး၊ ရှေ့မျက်နှာ ခြင်္သေ့ပုံပေါ်မှာတော့ သူ့လက်မှတ် ရေးထိုးထားတဲ့ ပိုက်ဆံအတု ဓာတ်ပုံကိုလည်း ဧရာဝတီက ရရှိထားပါတယ်။
ကန်နီကျေးရွာဟာ ကြံ့ခိုင်ရေးရွာလို့ လူသိများခဲ့ပြီး၊ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလ အောက်တိုဘာလအတွင်းက NLD ပါတီအလုပ်အမှုဆောင်တစ်ဦးရဲ့နေအိမ်ကို မဲဆွယ်သီချင်းတွေဖွင့်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေက ဖျက်ဆီးခဲ့တာကြောင့် လူ ၃၀ ကျော် ဖမ်းဆီးချုပ်နှောင်ခံခဲ့ရသလို၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ကား၂ စီး ပျက်ဆီးခဲ့ရတဲ့ အထိ အကြမ်းဖက်မှုဖြစ်ခဲ့တဲ့ရွာလည်း ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ပိုက်ဆံတု #ငွေစက္ကူမိတ္တူ #ကန်နီရွာ #မြိုင်မြို့နယ်