ရွှေညဝါ ဆရာတော်လို့ လူသိများတဲ့ ဆရာတော် အရှင်ပညာသီဟဟာ ဩဂုတ်လတွင်းမှာပဲ လူကြီးရောဂါနဲ့ ဆေးရုံမှာ တက်ရောက်နေရပြီး ဆေးဝါးကုသမှု ခံယူနေပေမယ့်၊ ကျန်းမာရေးကတော့ ကောင်းမွန်စပြုလာပြီလို့ ဆရာတော်က ဧရာဝတီကို မိန့်ကြားပါတယ်။
ရွှေညဝါ ဆရာတော်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာစသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က တည်းက အဖမ်းဆီးထိန်းသိမ်းခံလိုက်ရတာဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ရက်မှာ အင်းစိန်ထောင် အထူးတရားရုံးကနေ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံရကာ ထောင်ဒါဏ် ၂ နှစ် အမိန့်ချခံခဲ့ရတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ရက်မှာတော့ ဆရာတော်ဟာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး၊ စာရေးဆရာ မောင်သာချို၊ ဒေါက်တာမျိုးညွှန့် တို့နဲ့အတူ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ ပါတယ်။
ဆရာတော်ဟာ ၁၉၈၈ ခုနှစ်အရေးအခင်းမှာ ရဟန်းပျိုများ သမဂ္ဂ (ရန်ကုန်) ရဲ့ ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်မှာ ၂၀၀၄ ခုနှစ်ကတည်းက ကျောင်းထိုင် နာယက အဖြစ် သတင်းသုံးခဲ့ပါတယ်။
သာဓုကျောင်းတိုက်အတွင်း နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ အခမ်းအနားပွဲတွေကို ကျင်းပခွင့်ပေးခဲ့ပြီး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ရင်းနှီးတဲ့ ဆရာတော်တပါးလည်း ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာပြည်ကို ရောက်လာခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် နဲ့ တွေ့ဆုံခဲ့ပြီး၊ စစ်ပွဲတွေ ရပ်စဲပြီး ငြိမ်းချမ်းအောင် လုပ်ဖို့ မိန့်ကြားခဲ့တာကြောင့် တရား ဟောခွင့် ၁ နှစ် အပိတ်ပင်ခံခဲ့ရပါတယ်။
ဒါ့အပြင် သတင်းသုံးနေတဲ့ သာဓု ကျောင်းတိုက်ကနေ ထွက်ခွာဖို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ဖိအားပေးခြင်းကိုလည်း ခံခဲ့ရတာကြောင့် ကျောင်းကနေ ထွက်ခွာခဲ့ရပါတယ်။
လက်ရှိအချိန်မှာတော့ မှော်ဘီမြို့နယ်မှာ သတင်းသုံးပြီး စာသင် စာချတာတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #အရှင်ပညာသီဟ #ရွှေညဝါဆရာတော် #ကျန်းမာရေး #စည်းလုံးညီညွတ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR