တရုတ်တို့၏ ဖိအားပေး ဖျောင်းဖျခြင်းသည် မျှတရန် လိုသကဲ့သို့ အဓိကဘက်ကို ဦးတည်ရန် လိုပါသည်။ လက်ရှိ နွေဦးတော်လှန်ရေး ပေါ်ပေါက်လာပြီး တပြည်လုံးအနှံ့ လက်နက်ကိုင်တိုက်ပွဲများ ကျယ်ပြန့်နေခြင်းမှာ ၂၀၂၁ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်း၍ ဖြစ်ပေါ်လာခြင်းဖြစ်၏။
ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကို ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားနိုင်ပြီး ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်ဟူသည့် ၂၀၀၈ ခုနှစ်အခြေခံ ဥပဒေပါ ပြဌာန်းချက်ကို ဖောက်ဖျက်ပြီး အာဏာသိမ်းခဲ့သည်မှာ စစ်တပ်ဖြစ်၏။ ထို့နောက် ဆန္ဒပြသူများအား ရက်ရက်စက်စက် ပစ်သတ် ဖမ်းဆီးနှိပ်စက်ခဲ့သဖြင့် တပြည်လုံးအနှံ့ လက်နက်ကိုင်တိုက်ပွဲ ကျယ်ပြန့်ခဲ့သည်ဖြစ်ရာ လက်ရှိမြန်မာပြည်၏ လက်သည်တရားခံသည် စစ်တပ်ဖြစ်၏။
ထို့ပြင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာခြင်း မပြုသည်မှာလည်း စစ်တပ်ဖြစ်သဖြင့် အာဆီယံအစည်းအဝေးပင် တက်ခွင့်မရပေ။ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေး၊ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာသံတမန်များနှင့် တွေ့ဆုံခွင့်ပေးရေးတို့ကို ငြင်းပယ်နေသည်မှာ စစ်ကောင်စီသာဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး ရရှိရေးအတွက် အဓိက ဖိအားပေးရမည်မှာ စစ်တပ်သာဖြစ်၏။
လက်ရှိ တွေ့ဆုံဆွေးနွေးရေးဆိုရာတွင် မြန်မာစစ်တပ်၏ အရပ်ဘက်ပစ်မှတ်များအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုများ၊ အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို တရုတ်တို့ ဖိအားတောင်းဆိုမှု ရှိပါ၏လောဟု ဆိုပါက ရှိပုံမရပေ။
ချုပ်၍ဆိုရလျှင် မြန်မာပြည်ပြဿနာနှင့် ပတ်သက်ပြီး တရုတ်တို့၏ အကျိုးစီးပွားများ မထိခိုက်ရေးအတွက် အမြန်ဆုံး ဖြေရှင်းနိုင်ရေးသည် တရုတ်တို့ အဖြစ်ချင်ဆုံးဆန္ဒဖြစ်သည်ကို တွေ့ရ၏။ လက်တွေ့ကျကျ တရုတ်တို့ ကြည့်မြင်ရန် လိုအပ်သည်မှာ မြန်မာပြည်အရေးကို တရုတ်အကျိုးစီးပွား အခြေခံပေါ်က ကြည့်မြင်ဖြေရှင်း၍ မရနိုင်ပေ။ မြန်မာပြည်သူများ၏ အကျိုးစီးပွားကို အဓိကထား အခြေခံပြီး ကြည့်မြင်ဖြေရှင်းမှသာ ဖြေရှင်းနိုင်လိမ့်မည်ဖြစ်၏။ သို့မှသာ တရုတ်အကျိုးစီးပွားပြဿနာသည် ကျွဲကူးရေပါ ဖြေရှင်းနိုင်ပေလိမ့်မည်။
ထိုသို့မဟုတ်ဘဲ တရုတ်အကျိုးစီးပွားပေါ် ရှေးရှုပြီး စစ်ကောင်စီအား အသက်ဆက်ပေးရန် စဉ်းစားလုပ်ဆောင်ပါက မြန်မာပြည်စစ်ပွဲနှင့် ပဋိပက္ခများသည် ပိုမိုရှည်ကြာသွားရန်သာ ရှိပေလိမ့်မည်။
#မြန်မာ #တရုတ် #ဧရာဝတီ #ရွေးကောက်ပွဲ #ဒေါ်အောင်ဆန်းစုကြည် #မင်းအောင်လှိုင်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR