ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာရှိတဲ့ လေးကေ့ကော် မြို့သစ်ကို အာဏာသိမ်း စစ်ကောင်စီက စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲမှာ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းနယ်စပ် သတင်းရင်းမြစ်တွေနဲ့ မြေပြင် တော်လှန်ရေး တပ်ဖွဲ့တွေဘက် က ပြောပါတယ်။
ထိုင်းနယ်စပ် သတင်းရင်းမြစ်တွေဘက်က ရရှိတဲ့ အချက်အလက်တွေအရ တော်လှန်ရေးတပ်တွေဟာ လေးကေ့ကော်မြို့သစ် အထက်မှာရှိတဲ့ စွယ်တော်ကုန်းလို့ခေါ်တဲ့ ဗျူဟာကုန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေက သိမ်းပိုက်ဖို့ ကြိုးစားတဲ့ အတွက် တော်လှန်ရေးတပ်တွေ ရှိမယ်ထင်တဲ့ နေရာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးမှာပါဝင်နေတဲ့ မြေပြင်သတင်းရင်းမြစ်တဦးကတော့ စွယ်တော်ဗျူဟာကုန်းရှိတဲ့ အနီးတဝိုက်နဲ့ လေးကေ့ကော် မြို့ထဲကို ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ဧရာဝတီကို ပြောပါတယ်။ စစ်ကောင်စီ အနေနဲ့ ဗျူဟာကုန်းကို မြေပြင် စစ်ကြောင်းတက်ပြီး မကူနိုင်တော့တဲ့ အတွက် လေကြောင်း အသုံးပြု တိုက်ခိုက်တာလို့လည်း ပြောပါတယ်။
လေးကေ့ကော်မြို့သစ်အနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကို တော်လှန်ရေးတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ထားတာ ၆ လကျော် ကြာခဲ့ပြီဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #လေးကေ့ကော် #မြဝတီ #KNLA #PDF
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR