မန္တလေးတိုင်း၊ မတ္တရာမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား စစ်ရေး အခြေအနေ ပြင်းထန်နေပါတယ်။
ဒေသတွင်းမှာ နှစ်ဖက်အကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေအပြင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်းလှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်တွေက ဧရာဝတီကို ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက နှစ်ဖက်အကြားမှာ ထိတွေ့ တိုက်ပွဲတွေ ရှိခဲ့တာပါ။ လက်ရှိမှာတော့ စစ်ရေး အခြေအနေအရ ဒေသခံ ကာကွယ်ရေးတပ်တွေက မတ္တရာမြို့နယ်ထဲက နေရာ အများစုကို ဝင်ရောက် ခြေကုပ်ယူထားနိုင်ပြီး ပုသိမ်ကြီး၊ မတ္တရာအဆက်နားအထိ ဒေသခံ ကာကွယ်ရေးတပ်တွေရဲ့ အင်အားတွေ ရောက်ရှိနေပြီး သုံးဆယ်ပေးရွာနဲ့ သဖန်းဒေါင့်တလျှောက်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် နှစ်ဖက်အကြားထိတွေ့တိုက်ပွဲတွေဟာ မန္တလေးမြို့နားအထိ ရောက်လာပြီဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပျူစောထီးတွေအနေနဲ့ လက်နက်တွေနဲ့သာ ပစ်ခတ်ခုခံနိုင်တဲ့ အခြေအနေ ဖြစ်တယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေကြောင့် စစ်ကောင်စီအနေနဲ့ မန္တလေးမြို့ထဲမှာ စစ်အင်အားအများအပြားချထားပြီး ကင်းလှည့်နေသလို နန်းမြို့ရိုး ကျုံးတလျှောက်နဲ့ မတ္တရာနဲ့ ထိစပ်တဲ့ အောင်မြေသာစံမြို့နယ် တဝိုက်မှာတော့ လုံခြုံရေးနဲ့ စစ်ဆေးရေးတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
#မြန်မာ #ဧရာဝတီ #မတ္တရာ #မန္တလေး
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR