လက်နက်ကိုင်နည်းလမ်းနဲ့ လိုလားချက်တွေ တောင်းဆိုတာကို လိုက်လျောမှာမဟုတ်ဘူးလို့ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးခဲ့တဲ့ ၉ နှစ်မြောက်ပွဲမှာ ပြောဆိုသွားပါတယ်။
လက်နက်ကိုင်ပြီး လိုလားချက်တွေကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းမှာ ဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေ ပြေလည်စေမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်စွန့်ပြီး ပါတီထောင် ရွေးကောက်ပွဲဝင်ဖို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်တွေဟာ စစ်အာဏာရှင် ဆက်လက်ကြီးစိုးရေးအတွက် ဖြစ်ပြီး စစ်တပ်က အချိန်မရွေးအာဏာသိမ်းနိုင်တဲ့ ၂၀၀၈ အခြေခံ ဉပဒေ အောက်ကို ထပ်မံ ဝင်ရောက်ခိုင်းနေတာဖြစ်တယ်လို့ပြောကြပါတယ်။
တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုရင် စစ်တပ်ဟာ ကျုးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ခံရမှာ ဖြစ်သလို နိုင်ငံရေးကနေ စွန်ခွာရမယ့်အပြင် ဖက်ဒရယ်ပြည်ထောင်စု အခြေခံဉပဒေရေးဆွဲရေးကိုသဘောတူရမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ပြောထားပါတယ်။
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #PDF #NCA
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR