စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ စီပါရွာကိုဝင်ရောက်လာတဲ့ စစ်ကောက်စီတပ်ဟာ အိမ်ခြေ ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အပြင် အသက် ၈၀ ကျော် အဘိုးအိုတဦးအပါအဝင် အရပ်သားပြည်သူ ၆ ဦးကိုပါ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ခဲ့ပါတယ်။
မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က တပ်မ ၃၃ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူအင်အားတွေ စုပေါင်းထားတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းဟာ အောက်တိုဘာ ၆ ရက်နေ့က စတင်ကာ ဘုတလင်မြို့ကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ရွာစဉ်လှည့်ကာ မီးရှို့တာတွေနဲ့ စစ်ရာဇဝတ်မှုတွေကို လုပ်ဆောင်နေတာပါ။
စစ်ကောင်စီ စစ်ကြောင်းဟာ ဘုတလင်မှာ အရပ်သားပြည်သူ ၁၀၀ ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားပြီး၊ လူသားဒိုင်းအနေနဲ့ အသုံးပြုနေတယ်လို့ ဘုတလင်ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
သူတို့ရဲ့ စစ်ကြောင်းထိုးရာတလျှောက်က ကျေးရွာတွေဖြစ်တဲ့ စိုင်ပြင်လေး၊ စီပါ၊ တက်လှိုင်း၊ ကျွဲသေချောင်း၊ အိုင်ပေါင်းချောင်၊ ဆယ်ဝ အစရှိတဲ့ ကျေးရွာတွေကို ဝင်ရောက်မီးရှို့ခဲ့သလို၊ စစ်ကြောင်း နှစ်ပတ်ကျော်ကြာ ကာလအတွင်း အရပ်သားပြည်သူ ၂၀ ကျော်ထပ်မနည်း သေဆုံးခဲ့တယ်လို့လည်း ဒေသကာကွယ်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။