တရုတ်သည် မြန်မာအတိုက်အခံများနှင့် စစ်ကောင်စီအောက်မှ လွတ်မြောက်လိုသည့် မြန်မာပြည်သူများကို တရားဝင် စစ်ကြေညာလိုက်သည်ဟု ဆိုလျှင် မမှားပေ။ ယခုအခါ တရုတ်သည် စစ်ကောင်စီနှင့် မင်းအောင်လှိုင်ကို အသက်ဆက်ပေးလိုက်သည်။ GMS အစည်းအဝေး တက်ရောက်ရန် တရုတ်၏ တရားဝင်ဖိတ်ကြားခြင်းနှင့် မင်းအောင်လှိုင်ကို တရားဝင် အသိအမှတ်ပြုခြင်းသည် ပြည်တွင်းပြည်ပမှ လူအများအပြားကို စိတ်ပျက်စေမည်မှာ သံသယဖြစ်စရာ မလိုပေ။
သို့သော် ထိုခရီးစဉ်သည် မေးခွန်းတခုကို ဖြစ်စေသည်။ တရုတ်က မင်းအောင်လှိုင်ကို ယုံကြည်သလားနှင့် မင်းအောင်လှိုင်ကရော တရုတ်ကို ယုံကြည်သလားဆိုသည့် မေးခွန်းဖြစ်သည်။
တရုတ်သည် လက်တွေ့ကျသည့် သဘောဆောင်သည်ဟု သုတေသီအချို့ပြောသည်။ မင်းအောင်လှိုင်၏ စစ်ကောင်စီကျဆုံးပါက စစ်ကောင်စီအလွန်ခေတ်သည် မြန်မာရှိ တရုတ်စီမံကိန်းများအတွက် ဆိုးရွားပြီး အခြေအနေမလှ ဖြစ်မည်ကို ဘေ့ဂျင်းက စိုးရိမ်နေသည်။
စစ်ကောင်စီအပေါ် ထိုးစစ် ဆက်လက်ဖြစ်ပေါ်နေပါက စစ်ကောင်စီ ဖရိုဖရဲကျဆုံးစေနိုင်ပြီး တရုတ်က ၎င်းတို့နောက်ဖေးတွင် မည်သည်တို့ ဆက်လက်ဖြစ်ပေါ်မည်ကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိသောကြောင့် အထူးသဖြင့် အဝေးရောက်နှင့် ထိုင်းနယ်စပ်မှ မြန်မာအတိုက်အခံများကို အမေရိကန်ပြည်ထောင်စုက ထောက်ခံနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် ထိုကိစ္စသည် တရုတ်က မလိုလားသော ကိစ္စဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ လက်နက်ကိုင်တပ် PDF များအပါအဝင် မြန်မာအတိုက်အခံများ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်များနှင့် အနောက်နိုင်ငံများ၏ အဆက်အသွယ်ကို တရုတ်က စိုးရိမ်သည်။ မည်သို့ဆိုစေ တရုတ်သည် မြန်မာစစ်အုပ်စုအဆက်ဆက်ကို နိုင်ငံတကာပြစ်တင်ရှုတ်ချမှုနှင့် လူ့အခွင့်အရေး ချိုးဖေါက်မှုအတွက် အရေးယူပိတ်ဆို့မှုများမှ ကာကွယ်ပေးရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာကို အမြဲတမ်းကျင့်သုံးခဲ့သည်။
ဘေဂျင်းမှ အစိုးရ၊ စီးပွားရေးသမားများ၊ သုတေသနအဖွဲ့များနှင့် ပညာရှင်များက မြန်မာ စစ်ကောင်စီကို ထောက်ခံနေကြသည်။ သို့သော် မင်းအောင်လှိုင်သည် အရည်အချင်းရှိသည်ဟု တရုတ်ခေါင်းဆောင်များ မယုံကြည်ဘဲ သူ၏ ခေါင်းဆောင်မှုနှင့် နိုင်ငံကို အုပ်ချုပ်နိုင်သည့် စွမ်းရည်ကို သံသယရှိကြသည်။
#မြန်မာ #ဧရာဝတီ #တရုတ် #မင်းအောင်လှိုင် #NUG #PDF
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy