မြန်မာပြည်သူတွေ လိုလားတောင့်တနေတဲ့ တော်လှန်ရေးခရီးဟာ လက်ရှိအတိုင်း အားလုံးစုပေါင်းပြီး ဆက်သွားမယ်ဆိုရင် အောင်မြင်မှာမလွဲဘူးလို့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရဲ့ ဇနီး ဒေါက်တာ ယုယုမေ က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၁၈ ရက်နေ့က ပြုလုပ်တဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခြင်း ၁ လပြည့် အခမ်းအနားမှာ သတင်းမီဒီယာတွေကို ဖြေကြားသွားတာဖြစ်ပါတယ်။
အခမ်းအနားကို ဒေါက်တာ ဇော်မြင့်မောင်ရဲ့ မိသားစုတွေအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေနဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ တက်ရောက်ခဲ့ကြပါတယ်။
သက်တမ်းတစ်လျှောက်လုံးနီးပါး နိုင်ငံရေးသမားဘဝနဲ့ ဖြတ်သန်းခဲ့ရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ နောက်ဆုံးအချိန်အထိ မိသားစု ဇနီး၊ သားသမီးတွေနဲ့ လုံးဝတွေ့ဆုံခွင့်ရမသွားဘဲ မန္တလေး၊ အိုးဘိုထောင်ရဲ့ အပူဒဏ်၊ ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက် မရတဲ့ ဒဏ်တို့ကို အံတုရင်း ကွယ်လွန်ခဲ့ရတာပါ။ ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပါပြီ။
NLD ပါတီရဲ့ ဒုဥက္ကဋ္ဌ (၂) လည်းဖြစ်တဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ မန္တလေးတိုင်းဝန်ကြီးချုပ် တာဝန်ကို ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အဖမ်းခံရပြီး ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံခဲ့ရပါတယ်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရ လက်ထက်မှာလည်း ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရပြီး ၁၉ နှစ် ထောင်ထဲမှာ နေခဲ့ရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy