မင်္ဂလာတောင်ညွန့်၊ တာမွေအပါအဝင် ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ စစ်ကောင်စီက လူငယ်တွေကို အိမ်အရောက် စစ်မှုထမ်း ကောက်ယူမှုတွေ ပြုလုပ်နေပြီး ရှောင်ရှားလိုသူတွေကတော့ ကျပ်သိန်း ဆယ်ချီပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်မှုထမ်းဥပဒေအရ အသက်အရွယ် အကျုံးဝင်တဲ့ လူငယ် အမျိုးသားရှိတဲ့နေအိမ်တွေဟာ တအိမ်ကို အနည်းဆုံး ကျပ် တသိန်း သက်ဆိုင်ရာ မြို့နယ် အလုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေကိုပေးရပြီး မဲနှိုက်ခေါ်ယူရာမှာ မဲပေါက်ပြီး စစ်မှုမထမ်းလိုတဲ့သူတွေကတော့ အနည်းဆုံး ကျပ် ၁၅ သိန်း၊ သိန်း ၂၀ ပေးကြရတာဖြစ်ပါတယ်။
အစ္စလာမ်နဲ့ ဟိန္ဒူဘာသာဝင် လူငယ်တွေဟာ မဲနှိုက်ခွင့်တောင်မရဘဲ နေအိမ်ပေါ်ထိ တက်ရောက် ဖမ်းဆီးခံနေရမှုတွေတောင် ရှိနေတယ်လို့ သိရှိသူတွေက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေပြဌာန်းပြီး တပ်သားစုဆောင်းနေတာ အခုဆို အပတ်စဥ် (၇) အထိ ရောက်ရှိလာခဲ့ပြီဖြစ်ကာ စစ်သင်တန်းတသုတ်ကို လူဦးရေ ငါးထောင်နှုန်းနဲ့ ခေါ်ယူနေတာ ဖြစ်ပြီး လက်ရှိချိန်မှာဆို လူငယ်သုံးသောင်းကျော် စစ်မှုထမ်းဖို့ ခေါ်ခံထားရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy