တရုတ်နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ တိုက်ခိုက်သိမ်းပိုက်ထားသည့် ဒေသများကို စစ်ကောင်စီတပ်က တလျှောက်လုံး ပိတ်ဆို့ဖြတ်တောက်ရန် ကြိုးစားနေသကဲ့သို့ တရုတ်တို့ကလည်း ဇွန်လကုန်မှစ၍ ပိတ်ဆို့ဖြတ်တောက်နေသည်ကို တွေ့ရ၏။
ဤသို့ ပိတ်ဆို့ဖြတ်တောက်မှုများကြောင့် အဆိုပါဒေသရှိ ပြည်သူလူထုအတွက် ပုံမှန်အခြေအနေမျိုး မဟုတ်ဘဲ အခက်အခဲရှိသည်မှာ အမှန်ပင်ဖြစ်သော်လည်း အများထင်သကဲ့သို့ ဆိုးဆိုးဝါးဝါးတော့ မဟုတ်ပေ။
တရုတ်နှင့် မြန်မာစစ်တပ်ပေါင်း၍ တရုတ်နယ်စပ်ဒေသများကို ပိတ်ဆို့သောကြောင့် တိုင်းရင်းသားတပ်ဖွဲ့များ တွေ့ကြုံရမည့် အကျပ်အတည်းမှာ မဖြေရှင်းနိုင်မည့် အကျပ်အတည်း မဟုတ်သကဲ့သို့ ထိုပိတ်ဆို့မှုသက်သက်ကြောင့် အလျှော့ပေးရမည်အခြေအနေ လုံးဝမရှိပေ။
တရုတ်နယ်စပ်တလျှောက် နေထိုင်သည့် လူထုအတွက်မူ စစ်ဘေးဒုက္ခအပြင် တရုတ်တို့၏ ဖြတ်တောက်မှုကြောင့် ပိုမိုကျပ်တည်းပေလိမ့်မည်။ အခြား အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများက မည်သည့် ပိတ်ဆို့မှုမှ မပြုလုပ်သည့်အပြင် မြန်မာပြည်မှ စစ်ဘေးဒုက္ခသည်များကို ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးနေသည်ဖြစ်ရာ တရုတ်၏လုပ်ရပ်နှင့် အခြားအိမ်နီးချင်းနိုင်ငံများ၏ လုပ်ရပ်ကို မြန်မာပြည် စစ်ဘေးဒုက္ခသည်ပြည်သူများ နှိုင်းယှဉ်ကြပေလိမ့်မည်။
မြန်မာပြည်သူတို့ ဘေးဒုက္ခရောက်နေချိန် မြန်မာပြည်သူတို့၏ မိတ်ဆွေစစ် မည်သူနည်းဆိုသည်ကို မြန်မာပြည်သူများ လက်တွေ့ တွေ့ကြုံမြင်တွေ့ ခွင့်ရပေလိမ့်မည်။ တရုတ်တို့၏ ပိတ်ဆို့မှုမှာ တရုတ်တို့အတွက် ဘေးထွက်ဆိုးကျိုးသာ ဖြစ်ပေလိမ့်မည်။
#မြန်မာ #ဧရာဝတီ #တရုတ် #ဖြတ်လေးဖြတ် #နယ်စပ်