ရခိုင်ပြည်နယ် အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ထဲက စစ်သားတွေကို လက်နက်ချဖို့ အာရက္ခတပ်တော်(AA)က ပကတိမြေပြင်အခြေအနေကို ထုတ်ပြပြောဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၁၆ ရက်နေ့ညက ထုတ်ပြန်လာတဲ့ ဗီဒီယိုဖိုင်ထဲမှာ လက်နက်ချ ဒဏ်ရာရ စစ်ကောင်စီ တပ်သားတွေကို တွေ့ရပါတယ်။
အမ်းမြို့သိမ်းပွဲတိုက်ပွဲက အောက်တိုဘာလတည်းက စတင်ခဲ့တာဖြစ်ပြီး နှစ်လကျော်ကြာမြင့် လာချိန်မှာတော့ စစ်ကောင်စီရဲ့ နပခ ဌာနချုပ်၊ ဗျူဟာဌာနချုပ်တွေ၊ ကာကင်းစခန်းကြီး၊ စခန်း ငယ်၊ တပ်ရင်းဌာနချုပ်တွေအပါအဝင် စခန်းပေါင်း ၃၀ ကျော်ရှိတဲ့ထဲက နပခ ဌာနချုပ်တခုကလွဲပြီး ကျန်စခန်းတွေအားလုံးကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့က ကြေညာထားပါတယ်။
လက်ရှိမှာတော့ နပခ ပင်မစခန်းထဲထိထိုးဖောက်ဝင်ရောက်ပြီး တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွား နေတဲ့အချိန်မှာ လက်နက်ချစစ်သည်အချို့ကို ထုတ်ပြပြီးကျန်ရှိတဲ့သူတွေလည်း အလံဖြူထောင် ကြဖို့ အေအေက တိုက်တွန်းလိုက်တာပါ။
ရခိုင်ပြည်နယ်က မြို့ ၁၃ မြို့ကို အေအေက သိမ်းပိုက်ထားပြီးဖြစ်ကာ လက်ရှိမှာလည်း အမ်းမြို့မှာ နပခ တခုထဲသာကျန်ရှိတော့တာကြောင့် စစ်ကောင်စီဟာ မကြာခင်မှာ လက်လွှတ်ရတော့မယ့်အခြေအနေကို ရောက်ရှိနေပြီလို့ မြေပြင်အခြေအနေ သိရှိသူတွေနဲ့ စစ်ရေးအကဲခတ်တွေကပြောပြကြပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR