အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် အားနည်းချက်များရှိသည်မှာ အမှန်ပင်ဖြစ်သကဲ့သို့ NUG အား ထောက်ပြဝေဖန်မှု အများအပြားကိုလည်း တွေ့ရ၏။ ထို့အတူ NUG ဘာလုပ်လုပ် ဝေဖန်တိုက်ခိုက်နေသည်များကိုလည်း တွေ့ရ၏။ ဝေဖန်မှုများ လိုအပ်သော်လည်း NUG ခေါင်းဆောင်များသည် အတိုင်းအတာတခု ပေးဆပ်ထားသည်ကို အသိအမှတ်ပြုရန် လိုသည်။
ထို့ပြင် လက်တွေ့၌ NUG နေရာတွင် အစားထိုးနိုင်မည့် အဖွဲ့အစည်း ပေါ်ပေါက်အောင် စွမ်းဆောင်နိုင်သည့်အဖွဲ့ မရှိသဖြင့် NUG သည် မိမိတာဝန်ကို ဆက်လက်ယူရပေမည်။
အခက်အခဲများ၊ ပြဿနာများ ရှိသော်လည်း လက်ရှိတွင် NUG သည် PDF များ၊ ပြည်မရှိ တိုင်းဒေသအုပ်ချုပ်ရေးများကို တောင့်တင်းအောင် ဆောင်ရွက်ရန်လို၏။ NUG အား အဝေးရောက်အစိုးရ မဖြစ်စေဘဲ စစ်မြေပြင်တွင် လက်တွေ့ကျကျ ခေါင်းဆောင်သည့် အဖွဲ့အစည်းအဖြစ် တည်ဆောက်ရန်လို၏။
သို့မှသာ မြေပြင်ပြဿနာများကို လျင်မြန်စွာ အချိန်နှင့်တပြေးညီ ဖြေရှင်းနိုင်ပေလိမ့်မည်။ ဤအချက်များကို NUG သမ္မတ၏ ၂၀၂၄ နှစ်သစ်ကူးမိန့်ခွန်းတွင် တွေ့ရပြီဖြစ်သကဲ့သို့ NUG ခေါင်းဆောင်များကလည်း ပြုပြင်ပြောင်းလဲမည်ဟု ဆိုနေကြပြီဖြစ်ရာ လိုအပ်သည်မှာ လက်တွေ့ အကောင်အထည်ဖော်ကြရန်သာ ဖြစ်သည်။
NUG ၏ အနာဂတ်သည် ဝေဖန်၊ ပြစ်တင်၊ ရှုတ်ချနေသူများပေါ် မူတည်ခြင်း မရှိပါ။ NUG ၏ အခိုင်အမာ လုပ်ဆောင်မှုများကသာ NUG ၏ အကောင်းအဆိုးနှင့် NUG ၏ အနာဂတ်ကို ဆုံးဖြတ်ပေးပေလိမ့်မည်။
#မြန်မာ #ဧရာဝတီ #အမျိုးသားညီညွတ်ရေးအစိုးရ #NUG