စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ကိုင်ခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီဩဇာခံအလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားထားကြောင်း သိရပါတယ်။
ညွှန်ကြားစာပေးပို့လာတဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့မနက်မှာပဲ မြောက်ဒဂုံ ပင်လုံလမ်း ပေါ်မှာရှိတဲ့ ပြည်ပထွက်ခွာမယ့်အလုပ် သမားသင်တန်းကျောင်းခန်းမမှာ ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ်ပြား (OWIC) ကတ် ရိုက်နှိပ်ပေးနေတဲ့အချိန် ကတ်ပြား ဆက်ရိုက်ခွင့်မရဘဲ လှည့်ပြန်ခဲ့ကြရတယ်လို့ သွားရောက်ပြုလုပ်သူတွေကတဆင့် သိရပါတယ်။
စစ်မှုထမ်းဥပဒေအရ သာမန်ပြည်သူတွေထဲက အသက် ၁၈ နှစ် က ၃၅ နှစ်အတွင်း အမျိုးသားတွေနဲ့ အသက် ၁၈ နှစ် ကနေ ၂၇ နှစ်အတွင်း အမျိုးသမီးတွေဟာ ၂ နှစ် စစ်မှုထမ်းရမှာဖြစ်ပါတယ်။
ကျွမ်းကျင်ပညာရှင်တွေဖြစ်ခဲ့ရင် အမျိုးသားဆိုရင် အသက် ၁၈နှစ် ကနေ ၄၅ နှစ်၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ် ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ဖော်ပြထားပြီး၊ စစ်မှုထမ်းခြင်းကို ငြင်းဆိုရင် ထောင်ဒဏ် ၅ နှစ်အထိချနိုင်ကြောင်းလည်း ဥပဒေမှာပြဋ္ဌာန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #စစ်မှုထမ်း #အမျိုးသား #ပြည်ပထွက်ခွင့်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR