နာမည်ဆိုးဖြင့် စတင်ကျော်ကြားလာသော ရွှေကုက္ကိုကိစ္စအား NLD အစိုးရက စုံစမ်းစစ်ဆေးရန် ဆောင်ရွက်ခဲ့သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့၏အစီရင်ခံစာတွင် ရွှေကုက္ကိုလုပ်ငန်းတွင် စစ်ဗိုလ်ချုပ်များ ပါဝင်ပတ်သက်နေသည်ကို ဖော်ပြထားသည်။ ရွှေကုက္ကိုကိစ္စ ပတ်သက်သူများထဲတွင် ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ ပါဝင်သည်ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။
ယင်းအစီရင်ခံစာကို သိရှိထားသူ တဦးက “ပါဝင်ပတ်သက်တယ်ဆိုတာ ခွဲတမ်းပေးနေရတာကို ပြောတာ” ဟု ဆိုသည်။
ဗိုလ်ချုပ် မောင်မောင်အုန်းအနေဖြင့် စစ်တပ်မှ အနားယူသွားသည်တိုင် စောချစ်သူအပေါ် အထိုက်အလျောက် သြဇာရှိနေသည်။ ထို့ကြောင့်လည်း ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် စောချစ်သူတို့ နယ်ခြားစောင့်တပ်နှင့် စစ်ကောင်စီတို့အဆင်မပြေ ဖြစ်သည့်အခါ စစ်ခေါင်းဆောင်မှ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းအား စောချစ်သူနှင့် သွားရောက် ညှိနှိုင်း ရန် တာဝန်ပေးခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူးတို့မှာ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့အထိ လာရောက်၍ စောချစ်သူနှင့် တွေ့ဆုံညှိနှိုင်းခဲ့သည်။
ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဗိုလ်မှူးကြီး စောချစ်သူတို့ ဆွေးနွေးခဲ့စဉ်က မည်သည့်ရလာဒ် ထွက်ခဲ့သည်ကို မသိရှိရပေ။ သို့သော် ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဗိုလ်မှူးကြီး စောချစ်သူတို့ တွေ့ဆုံပြီးနောက်ပိုင်း ဗိုလ်ချစ်သူ၏ BGF မှ ကရင် အမျိုးသား ကာကွယ်ရေးတပ်မတော် (KNA) ပြောင်းမည့်အစီအစဉ်မှာလည်း ကြန့်ကြာနေခဲ့ရသည်။
စစ်ကောင်စီနှင့် လမ်းခွဲမည်ဟု ကြွေးကြော်ခဲ့သော BGF တပ်များမှာ အခုထိ ပြတ်ပြတ်သားသား မရှိသေးပေ။ သို့သော် ဗိုလ်မှူးကြီး စောချစ်သူမှာ ကမ္ဘာကျော်တယောက် ဖြစ်လာခဲ့လေပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy