အာရက္ခတပ်တော် (AA) နဲ့ ပူးတွဲစစ်ဆင်ရေးတွေ ဖော်ဆောင်နေတဲ့ ကျောင်းသားလက်ရုံးတပ်တော် (SAF) အဖွဲ့ဟာ မြန်မာနိုင်ငံအလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးပမ်းနေတယ်လို့ SAF စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာ က ဧရာဝတီနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။
SAF တပ်တွေဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းက စစ်ဆင်ရေးတွေမှာ တော်လှန်ရေး မဟာမိတ်တပ်တွေနဲ့ အတူ တိုက်ပွဲဖော်ဆောင်နေတယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလထဲမှာ ဧရာဝတီက ပြုလုပ်ခဲ့တဲ့ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နဲ့ သီးသန့် အင်တာဗျူးမှာလည်း AA စစ်ဦးစီးချုပ်က မကြာခင် မြန်မာပြည် အလယ်ပိုင်းမှာ စစ်ဆင်ရေးတွေ မြင်လာရလိမ့်မယ်လို့ ကြိုတင်ပြောဆိုခဲ့ဖူးပါတယ်။
AA ထံမှာ စစ်ပညာသင်ကြားခဲ့တဲ့ SAF တပ်တွေဟာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်ဆင်ရေးအပါအဝင် ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း ချိတ်ဆက်ထားတဲ့ အမ်း-ပဒါန်းလမ်း စစ်ဆင်ရေးတွေမှာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
SAF တပ်ဖွဲ့ဝင်ကျောင်းသားလူငယ်တွေဟာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာ လက်မခံကြောင်း လမ်းမတွေပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သူတွေဖြစ်ကြပါတယ်။ စစ်တပ်က အကြမ်းဖက်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့တဲ့နောက်ပိုင်းမှာတော့ AA လက်အောက်မှာ စစ်ပညာတွေ သင်ယူခဲ့ကြပြီး AA ရဲ့ အကူအညီနဲ့ ကျောင်းသားလက်ရုံးတပ်တော် ကိုဖွဲ့စည်းခဲ့ကြတာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်နေ့ဆိုရင် ကျောင်းသားလက်ရုံးတပ်တော် (SAF) ဖွဲ့စည်းခဲ့တာ ၄ နှစ်ပြည့်မှာ ဖြစ်ပါတယ်။
SAF ရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲ၊ ပြည်သူတွေကို စစ်မှုထမ်းဥပဒေနဲ့ အဓမ္မ စုဆောင်းနေမှုတွေအပေါ် သဘောထားအမြင်တွေကို SAF စစ်ဦးစီးချုပ် မင်းလတ်ဥက္ကာနဲ့ မြေပြင်မှာ သီးသန့်မေးမြန်းထားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #မင်းလတ်ဥက္ကာ #SAF #AA #ကျောင်းသားလက်ရုံးတပ်တော်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR