ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းပေါ် အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဂိတ်စခန်း တွေကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ကြေညာပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်နဲ့ ဖြူးမြို့နယ်အတွင်းမှာရှိတဲ့ ဂိတ်စခန်း ၇ ခုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈ ဦးသေဆုံးပြီး ပူးပေါင်းတပ်တွေဘက်က ၁ ဦးသေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီဂိတ်စခန်းတွေဟာ စစ်ကောင်စီရဲ့ ရွှေကျင်၊ ညောင်လေးပင်၊ ကျောက်ကြီး၊ ကျောက်တံခါး တလျှောက်က တပ်စခန်းတွေ၊ စစ်ကြောင်းတွေဆီကို အဓိက ရိက္ခာပို့ပေးနေတဲ့ ထောက်ပို့ လမ်းကြောင်းအတွက် လုံခြုံရေး ယူပေးနေတဲ့ ဂိတ်စခန်းတွေ ဖြစ်တယ်လို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
နေပြည်တော်ကို ဦးတည်တဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်မယ်လို့ NUG အစိုးရက အရင်နှစ်တွေကတည်းက ထုတ်ဖော် ပြောဆိုထားတာဖြစ်ပါတယ်။ ဒါ့အပြင် PDF အနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို တိုးမြင့်ဆောင်ရွက်သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ ဂိတ်စခန်းတွေ အနီးကို မလိုအပ်ဘဲ သွားရောက်ခြင်း မပြုကြဖို့ NUG က သတိပေးထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy