ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးက ပုဂံကွဲရွာနဲ့ ညောင်ကျိုးမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး AA အနေနဲ့ ညောင်ကျိုးစခန်းကို ရရှိဖို့ အပြင်းအထန် ထိုးစစ်ဆင်နေတာလို့ စစ်ရေး သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
လက်ရှိမှာတော့ ညောင်ကျိုးကျေးရွာတဝိုက်မှာရှိတဲ့ စစ်ကောင်စီရဲ့ကာကင်းစခန်းတွေ အများစုကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ထားနိုင်ပြီးစခန်းသိမ်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတယ်လို့လည်း AA ရဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧရာဝတီကို အတည်ပြုပါတယ်။
AA အနေနဲ့ ညောင်ကျိုးစခန်းကို သိမ်းပိုက်နိုင်ခဲ့ရင် ပန်းတောင်းမှာ ရှိတဲ့ စစ်ကောင်စီရဲ့ လက်နက်အစိတ်ပိုင်းတွေ ထုတ်လုပ်ရာ တပ်မတော် ကာကွယ်ရေးပစ္စည်းစက်ရုံတွေဆီကို စစ်ရေး ဆက်လက်ချဲ့ထွင်နိုင်မှာ ဖြစ် ပြီး ဧရာဝတီမြစ်အနောက်ဘက်ကမ်းတကြောကိုသိမ်းပိုက် ထိန်းချုပ်နိုင်ဖို့ ဦးတည် တိုက်ခိုက်နေတာလို့ စစ်ရေးသုံးသပ်သူတွေက ဆိုပါတယ်။