ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ရာဇဝတ်လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ ခေါင်းဆောင်တွေကို ကရင်အမျိုးသားအစည်းအရုံး (KNU) အနေနဲ့ ဖော်ထုတ်အရေးယူပေးဖို့ နှစ်နဲ့ချီကြန့်ကြာနေတယ်လို့ ကရင်အရပ်ဘက် အဖွဲ့အစည်းတွေဘက်က ပြောပါတယ်။
KK-Park လို တရုတ်ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ KNU တပ်မဟာ (၅) နဲ့ ကရင်အရပ်ဘက် အဖွဲ့အစည်း ၆၈ ဖွဲ့က ၂၀၂၃ ခုနှစ် ဧပြီလမှာ ကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် KNU ကွန်ဂရက်မတိုင်ခင်ကတည်းက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
တရားမဝင်လုပ်ငန်းတွေနဲ့ ပတ်သက်တယ်လို့ ယူဆရသူတွေထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီရဲ့သား စောဒို့စိုး၊ KNU ကာကွယ်ရေး ဝန်ကြီးဟောင်း ပဒိုစောရော်ဂျာခင်၊ တပ်မဟာ-၇ တပ်မဟာမှူးဟောင်း ဗိုလ်မှူးချုပ် စောဖောဒို၊ တပ်မဟာ-၄ ဘိတ်- ထားဝယ်ခရိုင်အတွင်းရေးမှူး စောတင်စိုး (ခ) ပဒို စောအယ်နာဒိုနဲ့ ဗိုလ်မှူးကြီး စောဘချောတို့ပါဝင်ပြီး သူတို့ ၅ ဦးကို စုံစမ်းစစ်ဆေးမှာဖြစ်တယ်လို့ ဆိုပေမယ့် ခုချိန်ထိ ထုတ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။
ကရင်ပြည်နယ်ထဲမှာ ကျားဖြန့်လုပ်ငန်းတွေအပြင် အမြစ်တွယ်ကြီးထွားနေတဲ့ မူးယစ်ဆေးဝါး ပြဿနာနဲ့အတူ၊ လာဘ်စားမှု၊ လောင်းကစားမှု ပြဿနာတွေကို အပြီးသတ် နှိမ်နင်း စေချင်ကြောင်း ကရင်အရပ်ဘက် အဖွဲ့အစည်းတွေဘက်က ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #KNU #KKPark #ကျားဖြန့် #ကရင်အရပ်ဖက်အဖွဲ့ #မြဝတီ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy