လက်ရှိကာလတွင် PDF များ၏ အခြေအနေကို မှန်မှန်ကန်ကန်မြင်ပြီး ဆွေးနွေးမှသာ မြန်မာပြည်တွင်းစစ် ပြဿနာ ဖြေရှင်းနိုင်လိမ့်မည် ဆိုသည်ကို ပညာရှင်ဆိုသူများ ယခုထိတိုင် ထောက်ပြသည်ကို မတွေ့ရသေးပေ။
PDF နှင့် နွေဦးတော်လှန်ရေးအင်အားစုများအား လက်နက်ချခိုင်းနေသည့် စစ်တပ်၏ သဘောထားမှာ လက်တွေ့မဖြစ်နိုင်ဘဲ မြောက်ပိုင်းသုံးဖွဲ့နှင့် ရင်ဆိုင်ရသည့် ကံကြမ္မာမျိုးသာ ကြုံကြရပေလိမ့်မည်ဟု ထောက်ပြရဲသည့် ပညာရှင် ယခုတိုင် မတွေ့ရသေးပေ။
တတိယအချက်မှာ နွေဦးအင်အားစုများအနေဖြင့် သွေးကြွေးမှာ ဆွေးနွေးစရာမရှိဆိုပြီး နိုင်ငံရေးအရ ပိတ်မိနေသည်ဟု ဆိုနေကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးပြီးနောက် မည်သူနှင့်မှ တွေ့ခွင့်မပေးဘဲ တရားမဲ့စွာ ပိတ်လှောင်ထားသည့် စစ်ကောင်စီ၏ လုပ်ရပ်သည် နိုင်ငံရေးအရ ပိတ်မိနေကြောင်း၊ အမျိုးသားရင်ကြားစေ့ရေးကိုရော လက်ရှိပဋိပက္ခအား ညှိနိုင်းဖြေရှင်းရန် လမ်းကြောင်းကိုပါ ပိတ်မိနေသည့်အပြင် အပြုတ်တိုက်ရေးကို ဦးတည်နေကြောင်း မည်သည့်ပညာရှင်မှ စစ်တပ်အား ပွင့်လင်းစွာ ထောက်ပြသည်ကို မတွေ့ရသေးပေ။ ယခု MNTT ဆိုသည် ပညာရှင်ဆိုသူများကရော ထောက်ပြပြောဆိုရဲပါမည်လော။
လက်တွေ့တွင် စစ်တပ်သည် အထက်ပါအချက်များကို မပြောင်းလဲပါက အပြုတ်တိုက်ရေးသာဖြစ်ပြီး မြန်မာပြည်တွင် စစ်ရှိန်ဆက်မြင့်မည်သာ ဖြစ်သည်။ MNTT သည်လည်း ထိုအချက်များကို ထောက်ပြပြောဆိုခြင်း မပြုပါက မြန်မာ့အရေးနှင့်ပတ်သက်၍ အခြေအနေမှန်ကို သုံးသပ်ပြသည့် ပညာရှင်အဖွဲ့အစည်း မဖြစ်တော့ဘဲ ပြည်တွင်းပြည်ပတွင် စစ်ကောင်စီ၏ မူဝါဒများကို နိုင်ငံရေးစကားလုံးအလှများ တန်ဆာဆင်ကာ လော်ဘီလုပ်သည့်အဖွဲ့တခုထက် ပိုမည်မဟုတ်ပေ။
စစ်ကောင်စီက ပြန်ကြားရေးဝန်ကြီးဌာနအောက်တွင် MNTT ကဲ့သို့ Think Tank တခုဖွဲ့ခြင်းမှာ စစ်ကောင်စီသည် ၎င်းတို့၏ နိုင်ငံရေးရည်ရွယ်ချက်ကို အကောင်အထည်ဖော်ရန်သာဖြစ်သည်။ တိကျစွာပြောရလျှင် စစ်ကောင်စီက ယခုပြုလုပ်ရန် ရည်ရွယ်နေသည့် ရွေးကောက်ပွဲအား နိုင်ငံရေးစကားလုံးအလှများဖြင့် လော်ဘီလုပ်ရန် MNTT အား ပွဲထုတ်လာခြင်းဖြစ်၏။
ယခင်ခန့်ထားသော စစ်ကောင်စီအကြံပေးအဖွဲ့ဆိုသည့် ပညာရှင်ဆိုသည်များနှင့် အလုပ်မဖြစ်၍ အင်အား ထပ်ဖြည့်ခြင်း ဖြစ်သည်။ ထိုသို့ဖြစ်သွားပါ MNTT သည် ပညာရှင်အဖွဲ့တခု မဟုတ်တော့ဘဲ စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းသည့်၊ နိုင်ငံရေးဝေါဟာရများကို လှိုင်လှိုင်သုံးတတ်သည့် အဆင့်မြင့် လော်ဘီအဖွဲ့တခုထက် ပိုမည် မဟုတ်ပေ။
#မြန်မာ #ဧရာဝတီ #လော်ဘီ #ပညာရှင် #စစ်ကောင်စီ #MNTT #ThinkTank
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy