Women & Gender

ပြန်တွေ့ အိမ်အကူမိန်းကလေး အမှု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ တိုက်ရိုက်ကိုင်တွယ်မည်

သွား ၆ ချောင်းကျိုးသည်အထိ ရိုက်နှက်ခံရပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာများရအောင် ရိုက်နှက်နှိပ်စက်ခံရသဖြင့် အိမ်ရှင်များကို တရားစွဲဆိုထားသည့် အိမ်အကူ မိန်းကလေးငယ်သည် ရန်ကုန်သို့ တရားရင်ဆိုင်ရန် လာရောက်စဉ် ရက် ၂၀ ကျော် ပျောက်ဆုံးသွားရာမှ ပြန်လည် တွေ့ရှိပြီဖြစ်သော်လည်း ပျောက်ဆုံးစဉ် အဓမ္မပြုကျင့်ခြင်းပါ ခံခဲ့ရသဖြင့် ၎င်းအမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က တိုက်ရိုက် ကိုင်တွယ် စစ်ဆေးတော့မည် ဖြစ်ကြောင်း သိရသည်။

အမှုအား လိုက်ပါကူညီပေးနေသည့် မြန်မာနိုင်ငံ ရှေ့နေကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က “အမှုကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီး ဦးမြင့်ထွေးတို့ ကိုယ်တိုင် တိုက်ရိုက် ကိုင်တွယ်ပါမယ်။ အခုပဲ ကလေးမလေးကို ရဲတပ်ဖွဲ့နဲ့ သွားပြီး တွေ့ခိုင်းပါမယ်။ လက်ရှိ သူရဲ့ ရင်ဆိုင်နေဆဲ အမှုကိုလည်း ကူညီနေပါတယ်။ အဓိက ပြဿနာက အိမ်ရှင်အိမ်ငှားနဲ့ဆိုင်တဲ့ ဥပဒေဆိုင်ရာ သီးခြားပြဋ္ဌာန်းချက်မရှိတော့ ပြဿနာတွေက ဖြစ်တယ်။ လွှတ်တော်မှာ အရေးကြီး အဆို တင်သွင်းသင့်တာ” ဟု ပြောသည်။

အဆိုပါ မိန်းကလေးအား ဓားထောက်ခေါ်ဆောင်ကာ ရက်အတန်ကြာ ချုပ်နှောင်ခဲ့ပြီး အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးနိုင်ရန် ရဲတပ်ဖွဲ့နှင့် အတူ လုပ်ဆောင်နေကြောင်း၊ အိမ်ရှင်ကို တရားစွဲဆိုထားသဖြင့် မရမ်းကုန်းမြို့နယ်တွင် ရင်ဆိုင်နေဆဲ အမှုလည်း ရှိနေပြီး ကာယကံရှင်မိသားစုမှာ ဆင်းရဲနွမ်းပါးသည့်အတွက် အကူအညီများပေးနေကြောင်း မြန်မာနိုင်ငံ ရှေ့နေ ကွန်ရက်မှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်နေ အသက် ၁၄ နှစ်အရွယ်ရှိ မနန်းမို့မို့အေးသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း ရွှေကမ္ဘာအိမ်ရာဝန်းတွင် နေထိုင်သည့် အငြိမ်းစားဒုဗိုလ်မှူးကြီးနေအိမ်တွင် ၂၀၁၇ ခုနှစ် အစပိုင်းကာလ အထိ ၁ နှစ်ကျော်ကြာ အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ သံတုတ်ဖြင့်ရိုက်ခြင်း၊ ဒယ်အိုးဖြင့်ထုခြင်း၊ နှိပ်စက်ညှင်းပန်းခံရမှုကြောင့် ၎င်းအိမ်ရှင်လင်မယားကို တရားစွဲဆိုထားသည်။ ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့က ယင်းအမှု ရုံးချိန်းကို လာရောက်စဉ် အောင်မင်္ဂလာအဝေးပြေးဝင်း အနီးတွင် ဇေကမ္ဘာဘုရားတွင် အုပ်ထိန်းသူများနှင့် ရှိနေခဲ့သော်လည်း လူအလစ်တွင် အသက် ၂၀ ကျော် လူတဦး၏ ဓားထောက်ခြိမ်းခြောက်ကာ ခေါ်ယူသွားမှုကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ကာယကံရှင်က ပြောသည်။

“ခေါ်တာ မလိုက်ရင် သတ်ပစ်မယ်လို့ ဓားနဲ့ ထောက်ပြီး ပြောလို့ လိုက်သွားတာ။ အဲဒီလူက ပုလဲမြို့သစ်ဘက်က လိုင်းခန်းကို ခေါ်သွားတာ။ အဓမ္မကျင့်ခံရတယ်။ သူ့ကို ခေါ်ခေါ်နေကြတာတော့ ကုလား၊ ရဲထွဋ်လို့လည်း ခေါ်တာ ကြားတယ်။ လူမြင်ရင်လည်း မှတ်မိတယ်။ နောက်တော့ အိမ်လည်း ပြန်ချင်တော့ ထွက်ပြေးချင်တာနဲ့ အဲဒီနားက မုန့်ဆိုင်မှာ ကူလုပ်ပေးရင်း မုန့်ဖိုးရတော့ ထွက်ပြေးတယ်။ ၂၅ ရက်နေ့လောက်မှာ အိမ်ပြန်ရောက်တယ်” ဟု နှိပ်စက်ခံခဲ့ရသူ မနန်းမို့မို့အေးက ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “ မြစ်သားထိ ကားမစီးတတ်တော့ မန္တလေးကနေ အဆင့်ဆင့်မေးပြီး အိမ်ရောက်သွားတယ်။ သွားတွေရိုက်ချိုးခံရတုန်းက အပေါ်သွား ၄ ချောင်း၊ အောက်သွား ၂ ချောင်းပါ။ စနောက်မိတာကို အိမ်ရှင်မိန်းမ ဒေါ်ခင်နန်းတင့် က တခြားအိမ်အကူတယောက်ကို ငရုတ်ကျည်ပွေ့နဲ့ ထုခိုင်းတာပါ။ သူ့ယောင်္ကျား ဦးအောင်မင်းကလည်း မျက်နှာကို ခြေထောက်နဲ့ကန်ပါတယ်။ ဒယ်အိုးတွေနဲ့ထုပါတယ်။ ပါးတွေ၊ ကျောကုန်းတွေလည်းရိုက်ခံရပါတယ်” ဟု ရှင်းပြသည်။

အိမ်ရှင်ဒုဗိုလ်မှူးကြီးလင်မယား၏ နှိပ်စက်မှုကို ခံရသူ မနန်းမို့မို့အေးသည် အိမ်အကူအဖြစ် ၁ နှစ် ၄ လကြာ လုပ်ကိုင်ခဲ့ပြီး အိမ်ရှင် လင်မယားက သွားများကျိုးအောင် နှိပ်စက်ပြီးနောက် မြစ်သားမြို့ရှိ နေအိမ်သို့ ပြန်ပို့ခဲ့ကြောင်း၊ လက်လုပ် လက်စား အလုပ်ဖြင့် စားဝတ်နေရေးအတွက် ရုန်းကန်နေရသော မိဘများက သမီးဖြစ်သူ၏ ဒဏ်ရာများကို မြင်တွေ့ရာမှ ရဲတပ်ဖွဲ့သို့ တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

အိမ်အကူ မိန်းကလေးကို အပေါ်သွားနှင့် အောက်သွားများ ကျိုးထွက်အောင်ရိုက်နှက် နှိပ်စက်ခဲ့သည်ဟုဆိုကာ တိုင်ကြားခံထားရသည့် အငြိမ်းစား ဒုဗိုလ်မှူးကြီးနှင့် မိသားစုကို ပုဒ်မ ၃၂၅၊ ၃၂၆၊ ၁၁၄ အရ အမှုဖွင့်ထားပြီး စစ်ဆေးနေဆဲ အခြေအနေပင် ရှိသေးကြောင်း ဘုရင့်နောင် မြို့မ ရဲစခန်းက အမှုဖွင့်ထားသော်လည်း ဆက်လက် ဆောင်ရွက်နေသည့် အခြေအနေများကို မသိရှိရသေးပါ။

အိမ်အကူအား နှိပ်စက်သည့် အငြိမ်းစား ဒုဗိုလ်မှူးကြီး မိသားစုကို ရဲတပ်ဖွဲ့ စစ်ဆေးနေ

Loading