စင်ကာပူနိုင်ငံ သမိုင်းတွင် ပထမဆုံး အမျိုးသမီးသမ္မတ ဖြစ်လာသူသည် ဦးခေါင်းတွင် ဟိဂျပ် ပုဝါခြုံသော ဟာလီမာ ယာကော့ဘ် (Halimah Yacob) အမည်ရှိ အစ္စလမ် ဘာသာဝင် အမျိုးသမီးတဦး ဖြစ်သည်။
စင်ကာပူ ရွေးကောက်ပွဲဌာနက ချမှတ်ထားသော တင်းကျပ်သည့် သမ္မတ အရည်အချင်းများကြောင့် သူသည် တဦးတည်းသော သမ္မတလောင်း ဖြစ်နေသည် ဟုလည်း Straits Times သတင်းစာက ဆိုသည်။ ထို့ကြောင့် ဗုဒ္ဓဟူးနေ့တွင် အမည်စာရင်း တင်သွင်းခြင်း ပိတ်လိုက်သည်နှင့် သူမသည် အလိုအလျှောက် သမ္မတအဖြစ် အရွေးခံရသူ ဖြစ်သွားပြီး ကြာသပတေးနေ့တွင် ကျမ်းသစ္စာကျိန်ဆိုသည်။
ဟာလီမာ ယာကော့ဘ် သည် ပြိုင်ဘက်မရှိ သမ္မတလောင်း ဖြစ်သောကြောင့် ရွေးကောက်ပွဲ မရှိဘဲ သမ္မတဖြစ်လာမည် ဖြစ်ရာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး နိုင်ငံသားများ အကြား အပြင်းအထန် ဝေဖန်စရာ ဖြစ်နေသည်။
“စင်ကာပူ ပြည်သူတွေ အကျိုးကို အကောင်းဆုံး လုပ်ဆောင်သွားမယ် လို့ ကတိပေးကြောင်းသာ ပြောစရာရှိပါတယ်။ ရွေးကောက်ပွဲ ရှိရှိ / မရှိရှိ ဒီ ကတိဟာ ပြောင်းလဲမှာ မဟုတ်ပါဘူး” ဟု ဟာလီမာ ယာကော့ဘ်က အထက်ပါသတင်းနှင့် ပတ်သက်ပြီး တနင်္လာနေ့က ပြောသည်ဟု Channel News Asia က ဆိုသည်။
အသက် ၆၃ နှစ် ရှိပြီဖြစ်သော ဟာလီမာ ယာကော့ဘ် သည် မွေးချင်း ၅ ဦးအနက် အငယ်ဆုံး ဖြစ်ပြီး အစားအစာ တွန်းလှည်း ရောင်းချသည့် တဦးတည်း ရုန်းကန်ရသောမိခင်က လူလားမြောက်အောင် စောင့်ရှောက်ပေးခဲ့သည်။ စင်ကာပူ တက္ကသိုလ်မှ ဥပဒေပညာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး အမျိုးသား အလုပ်သမား သမဂ္ဂအဖွဲ့အစည်း အတွက် လုပ်ကိုင်ခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် ပြည်တွင်း နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ပါလီမန် ဥက္ကဌ ဖြစ်လာပြီး ပြီးခဲ့သည့် သြဂုတ်က ထိုရာထူးမှ နှုတ်ထွက်ခဲ့သည်။
စင်ကာပူတွင် ဝန်ကြီးချုပ်သည် အာဏာအရှိဆုံး ခေါင်းဆောင်ဖြစ်ပြီး သမ္မတ၏ အခန်းကဏ္ဍမှာ အဆောင်ယောင်မျှသာ ဖြစ်သည်။ သို့သော် သမ္မတတွင် ပြည်သူပိုင် ကဏ္ဍတွင် ရာထူးခန့်အပ်ခြင်းကို တားဆီးနိုင်ခြင်း၊ အကျင့်ပျက် ချစားမှုများကို စစ်ဆေးနိုင်ခြင်းနှင့် ဝန်ကြီးချုပ်ကို ခန့်အပ်ခြင်း အပါအဝင် အရေးပါသော တာဝန်ဝတ္တရားများလည်း ရှိသည်။
လူမျိုးအုပ်စု တခုမှ အဖွဲ့ဝင် တဦးဦးသည် နှစ် ၃၀ ကြာ သို့မဟုတ် ၅ ကြိမ် ဆက်တိုက် သက်တမ်းများ အတွင်း တကြိမ်မျှ သမ္မတ မဖြစ်ဖူးလျှင် သမ္မတရာထူးကို ထိုလူမျိုးအုပ်စု အတွက် သတ်မှတ်မည် ဟု စင်ကာပူ ပါလီမန်က ၂၀၁၆ ခုနှစ်တွင်ချ မှတ်ခဲ့သည်။
ထို့ကြောင့် ယခုနှစ် ရွေးကောက်ပွဲမှာ စင်ကာပူမှ လူနည်းစု မလေးလူမျိုးများ အနက် တဦးဦး အတွက် သီးသန့် ရွေးကောက်ပွဲ ဖြစ်လာခဲ့သည်။ စင်ကာပူတွင် မလေးလူမျိုးတဦး သမ္မတ တာဝန် နောက်ဆုံးထမ်းဆောင်ခဲ့သည်မှာ ၁၉၇၀ ခုနှစ်က ဖြစ်သည်။
သမ္မတအဖြစ် ယှဉ်ပြိုင်မည့် သူများသည် စင်ကာပူသမ္မတ ရွေးကောက်ရေး ကော်မတီသို့ လျှောက်လွှာများ တင်သွင်းရ သည်။ အခြားသော သမ္မတလောင်းများလည်း လျှောက်လွှာ တင်သွင်းကြသော်လည်း သမ္မတလောင်း တဦးကို သာလျှင် ယှဉ်ပြိုင်ခွင့် ခွင့်ပြုချက်လက်မှတ် ထုတ်ပေးနိုင်ခဲ့သည် ဟု ထိုကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။
ဟာလီမာ ယာကော့ဘ် တဦးတည်းသည်သာ ကော်မတီက သတ်မှတ်သော အရည်အချင်း ပြည့်မီသည် ဟု သတင်းများက ဆိုသည်။ ထို စည်းကမ်းချက်များတွင် အများပြည်သူဆိုင်ရာ ထိပ်တန်း တာဝန် ထမ်းဆောင်ဖူးခြင်း သို့မဟုတ် သတ်မှတ်ရှယ်ယာ အရေအတွက်ရှိ ပုဂ္ဂလိက ကုမ္ပဏီတခုကို စီမံခန့်ခွဲဖူးခြင်းတို့ ပါဝင်သည်။
ရွေးကောက်ပွဲ ကင်းမဲ့ခြင်းနှင့် ပတ်သက်ပြီး အင်တာနက်တွင် ဝေဖန်မှုများ အလျင်အမြန် တိုးပွားနေသည် ဟု စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်မှ ဥပဒေတွဲဖက်ပါမောက္ခ Eugene Tan က New York Times သို့ ပြောသည်
“ရွေးကောက်ပွဲသာ ရှိခဲ့ရင် သူ့အတွက် တရားဝင်ဖြစ်မှု ရှိမှာပေါ့” ဟုလည်း Eugene Tan က ပြောသည်။
ဟာလီမာယာကော့ဘ်သည် စင်ကာပူနိုင်ငံ၏ ဟိဂျပ် ပုဝါခြုံ အမျိုးသမီး သမ္မတ တဦး အဖြစ် သမိုင်းဝင်တော့မည် ဖြစ်သော်လည်း စင်ကာပူနိုင်ငံ၏ အချို့သော ကျောင်းများနှင့် အများပြည်သူ ဆိုင်ရာ အလုပ်အကိုင်များတွင် ဟိဂျပ် ခြုံခြင်းကို ပိတ်ပင် ထားသည်။ ထိုအချက်ကို ဟာလီမာ ယာကော့ဘ်က လူသိရှင်ကြား ဝေဖန်လေ့ မရှိဟု Reuters သတင်းဌာန၏ အဆို အရ သိရသည်။
သမ္မတ၏ အဓိကအခန်းကဏ္ဍမှာ ညီညွတ်ရေးကောင်းအောင် ဆောင်ရွက်ရမည့်သူ ဖြစ်သည် ဟု ယုံကြည်ကြောင်း တနင်္လာနေ့တွင် ဟာလီမာ ယာကော့ဘ် က ပြောသည်။
“ကျမ လုပ်ရမယ့် အလုပ်တွေ ရှိနေတာ ထင်ရှားပါတယ်။ ဒါပေမယ့် ကျမ အတွက် အရေးအကြီးဆုံးကတော့ စင်ကာပူ နိုင်ငံသားတွေ ကျမနဲ့ အတူ ပူးပေါင်းဆောင်ရွက်ဖို့ပါ” ဟု Channel News Asia သို့ ဟာလီမာ ယာကော့ဘ် က ပြောသည်။ ။