Women & Gender

“ကလေးလုပ်သားလိုဟာမျိုးက တိုင်ကြားမှု ရှိလာမှ ကိုင်တွယ်လို့ ရမှာ”

Want create site? Find Free WordPress Themes and plugins.

ကျင်းပဆဲ ဖြစ်တဲ့ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးမှာ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီ အသစ်တရပ်ကို စက်တင်ဘာ ၁၂ ရက်နေ့က ဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မတီမှာ သထုံ မဲဆန္ဒနယ် အမှတ် ၁ က ဒေါ်ခိုင်ခိုင်လဲ့က ကော်မတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လူမှုအဖွဲ့အစည်းတွေမှာ အမျိုးသမီးနဲ့ ကလေးသူငယ်အရေး ဝိုင်းဝန်း လုပ်ဆောင်နေသူ တွေ ပါဝင် ဖွဲ့စည်းထားပါတယ်။

ဒီကော်မတီဟာ မွန်ပြည်နယ်လွှတ်တော်က တရားဝင် ဖွဲ့စည်းလိုက်တဲ့ ရေးရာကော်မတီတွေအနက် ၈ ခု မြောက် ကော်မတီလည်း ဖြစ်ပါတယ်။

ဒီကော်မတီ ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် ၊ ရည်မှန်းချက်၊ တာဝန်၊ ဝတ္တရားတွေနဲ့ ပတ်သက်ပြီး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့ကို ဧရာဝတီ သတင်းဌာနက သတင်းထောက် ဟင်္သာနီ(မွန်မြေ) က သွားရောက်၍ တွေ့ဆုံ မေးမြန်းခဲ့ ပါတယ်။

မေး – ဘယ်လို လိုအပ်ချက်တွေကြောင့် ဒီရေးရာကော်မတီ အသစ်ကို ဖွဲ့စည်းရတာပါလဲ။

ဖြေ – အစ်မတို့ ပစ်မှတ်ထားတာက အမျိုးသမီးနဲ့ ကလေးသူငယ် ဒီနှစ်ခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တိုင်စာ ကော်မတီ ရှိပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် စကတည်းက ဒီတိုင်စာ ကော်မတီဟာ အားကောင်းတဲ့ ကော်မတီ တခု ဖြစ်ပါတယ်။ ဒါပေမယ့် တိုင်စာကော်မတီမှာ ဖွဲ့စည်းထားတဲ့ သူတွေသည် အမျိုးသားတွေ ဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင် တိုင်စာကော်မတီထဲမှာ ဥပဒေပညာရှင်တွေ နည်းတယ်။

နောက်တခုက တခြား သက်ဆိုင်ရာ နယ်ပယ်က ပညာရှင်တွေ မပါဘူးပေါ့နော်။ တိုင်စာတွေ လာတဲ့အခါကျရင် အမျိုးသမီးကိစ္စတွေ၊ ကလေးသူငယ်ကိစ္စတွေ ပါတယ်။ ဥပမာ သက်ငယ် မုဒိမ်းမှုလိုမျိုး ပါလာတယ်။ နောက်ပြီးတော့ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ကိစ္စရပ်လို ဟာမျိုး ပါလာတယ်။ အားလုံးသိဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ နေရာတိုင်းမှာ Specialist ဆိုတာ လိုတယ်။ တိုင်စာကော်မတီသည် General ပဲ သွားတယ်။ ဒီလိုမျိုး ကိစ္စတွေ ဖြစ်လာတဲ့ အခါကျရင် တိုင်စာကော်မတီက ဥပဒေပြုရေး ကော်မတီ ဥက္ကဋ္ဌ ကျမကို လွှဲပါတယ်။ လွှတ်တော် ဥက္ကဋ္ဌကြီးက တာဝန်ပေးတဲ့ အခါကျတော့ ကျမတယောက်တည်းကိုပဲ By Name နဲ့ ။

ဒီဟာတွေကို တယောက်တည်း လုပ်ခဲ့ရတာ တနှစ်နီးပါး ရှိပါပြီ။ ဒီထက်ပိုပြီး ထိရောက်စေချင်တယ်။ အဓိကက အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးတွေ ဒီထက်ပိုပြီး ရစေချင်တယ်။ ကလေးသူငယ်မှာတောင်မှ ပိုပြီး ကျယ်ပြန့်တဲ့ ဟာဆိုရင် ကလေးလုပ်သားလိုဟာမျိုး၊ မသန်စွမ်းကလေးလို ဟာမျိုး၊ အဲဒါမျိုးတွေ အများကြီး ရှိနေတယ်။ အမျိုးသမီး မှာလည်း မသန်စွမ်း အမျိုးသမီးတွေ အများကြီး ရှိတယ်။ သူတို့ရဲ့ အခွင့်အရေးတွေ၊ သူတို့ တင်ပြချင်တာတွေ ဆုံးရှုံးနေ တာ အများကြီး ရှိတယ်။ အမျိုးသားလွှတ်တော်မှာ ဖွဲ့ထားတာ ရှိတယ်။ ဒီမှာလည်း ဖွဲ့ဖို့ လိုအပ်တယ်လို့ လွှတ်တော် ဥက္ကဋ္ဌကြီးကို အကြံပြုတယ်။

လွှတ်တော်ဥက္ကဋ္ဌကြီးကလည်း လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံးကို မေးတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း ဖွဲ့သင့်တယ်ဆိုပြီး အများကြီး တင်ပြကြတယ်။ အမျိုးသမီးတွေ တော်တော်များများဟာ သူတို့ ဆုံးရှုံးသွားတာ၊ နစ်နာသွားတာ ပြောဖို့အတွက်က အမျိုးသမီးအချင်းချင်းမှ ပိုပြီး ပွင့်ပွင့်လင်းလင်း ရှိတဲ့ဟာမျိုးတွေ ရှိတယ်။ ဒါမျိုးတွေ ဖြေရှင်းပေးဖို့အတွက် ကော်မတီလေး တခုရှိရင် ပိုပြီး သင့်လျော်ပါတယ် ဆိုပြီး မွန်ပြည်နယ် လွှတ်တော် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးပွဲရဲ့ ဆုံးဖြတ်ချက်နဲ့ ဖွဲ့ခဲ့တာပါ။

မေး – ဒီကော်မတီမှာ ဘယ်သူတွေ ပါဝင်ပါသလဲ။

ဖြေ – လွှတ်တော် ဥက္ကဋ္ဌကြီးကလည်း မေးပါတယ်။ ဒီကော်မတီကို ဘယ်သူနဲ့ ဖွဲ့သင့်လဲ။ ဒါပေမယ့် အခြေခံ ဥပဒေမှာရော၊ လွှတ်တော် ဥပဒေမှာရော သင့်လျော်သော နိုင်ငံသားလို့ ပြောထားတယ်၊ ဝန်ထမ်း ဖြစ်ခြင်း၊ မဖြစ်ခြင်း မပြောဘူး။ အပြင်က လူလို့လည်း မပြောထားဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ချည်းပဲ လို့လည်း မပြောထားဘူး။ လွှတ်တော် ကိုယ်စားလှယ် အမျိုးသမီးတွေ အများစု ပါဝင်ပါတယ်။ အမျိုးသားတွေထဲမှာတော့ ရေးမဲဆန္ဒနယ်က ဦးချစ်တင် တယောက်ပဲ ပါဝင်ပါတယ်။ အခြား အမျိုးသားတွေကလည်း အကယ်၍ ထပ်ပြီး တိုးချဲ့ ဖွဲ့စည်းမယ်ဆိုရင် သူတို့လည်း ပါဝင်ချင်ပါတယ်ပေါ့။ သင့်လျော်သော နိုင်ငံသားဆိုတဲ့ ဟာမျိုးပါတဲ့အတွက်ကြောင့် သင့်လျော်တဲ့ နိုင်ငံသားတွေနဲ့ ဖွဲ့စည်း လိုက်တာပါ။

မေး – ဒီကော်မတီကို လူပိုသိလာအောင်၊ တိုင်တန်းချက်တွေ များများ လာရောက် တိုင်ကြားလာနိုင်အောင် ဘယ်လို ဆက်လုပ်သွားမလဲ။

ဖြေ – အခု ဒီကော်မတီ ရှိသွားပြီ။ ဒီကော်မတီ ရှိတာကို လူထုသိအောင် လုပ်ရမှာ အရေးကြီးဆုံး တာဝန်က လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အလုပ်။ ငါတို့ဆီမှာ ဒီကော်မတီ ရှိသွားပြီ။ ဒီကော်မတီကနေပြီး ဒီလို လုပ်ငန်းစဉ်တွေကို ဆောင် ရွက်တယ်။ ဒါတွေကို ဒီကော်မတီမှာ ဒီလိုအဖြစ်အပျက်တွေ ဖြစ်လာရင် တိုင်ကြားလို့ ရတယ်။ နောက်ဆုံး ဒီကော်မတီရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်မှာ ဘာကို ပေးထားလဲဆိုတော့ ကလေးစစ်သားပေါ့နော်၊ အခု အရမ်း Hot Issue လိုပဲ ဖြစ်ခဲ့တဲ့ ကိစ္စလိုမျိုး။ ကလေးစစ်သားနဲ့ ပတ်သက်တဲ့ ဟာမျိုးဆိုရင်လည်း ဒီကော်မတီက တာဝန်ယူပြီး စောင့်ရှောက်ပေးမယ် ဆိုတဲ့ ဟာမျိုး လွှတ်တော်ကနေ တာဝန်ပေးထားတာပါ။ ဒါမျိုးလေးတွေ သိအောင်လည်း လွှတ်တော် ကိုယ်စားလှယ်တွေမှာ တာဝန်ရှိပါတယ်။

မေး – ဒီကော်မတီက ဘယ်လို အလုပ်မျိုး လုပ်ဆောင်ပြီး ဘယ်လို အမှုတွေကို ကိုင်တွယ် ဖြေရှင်းသွားမှာလဲ။

ဖြေ – ဒီကော်မတီ ဖွဲ့စည်းပြီးပြီ ဆိုတော့ Goal Setting ဆိုတာ ရှိရမှာပဲလေ။ ဘာကို အဓိကထားလဲ ဆိုရင် သေချာတာ ကတော့ ဒီမွန်ပြည်နယ်မှာ အဖြစ်များတဲ့ နံပါတ် ၁ လူကုန်ကူးတာ၊ လူကုန်ကူးခံရတဲ့ သားကောင်တွေ လာမှာ၊ နံပါတ် ၂ သက်ငယ် မုဒိမ်းမှုတွေ၊ နံပါတ် ၃ ခုနက ပြောတဲ့ မုဒိမ်းမှုတွေ လာမှာပါ။ နံပါတ် ၄ ကတော့ သက်ငယ် မုဒိမ်းမှု ဟုတ်နိုင် သလို ၊ တခြား မုဒိမ်းမှုတွေလည်း ဖြစ်နိုင်တာပေါ့၊ နောက်ဆုံးကတော့ ကလေးလုပ်သားလို ဟာမျိုးပေါ့။ ကလေးလုပ်သား လို ဟာမျိုးကတော့ တိုင်ကြားမှု ရှိလာမှပဲ ကိုင်တွယ်လို့ ရမှာပေါ့။ တချို့ကျတော့ ကိုယ့်ကလေး ကိုယ်ကိုယ်တိုင် ခိုင်း ထားတဲ့ ဟာမျိုးလည်း အများကြီး ရှိတယ်။

အဲဒါကြောင့် ကျမအဖွဲ့ထဲမှာ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေ စစ်ဆေးရေး ဌာနက တာဝန်ရှိသူ တယောက်ကိုလည်း ထည့်ထားပေးတယ်။ အမှုတွေက သူတို့ဆီ လာတာလည်း ရှိသလို ကျမတို့ဆီ လာတာလည်း ရှိတယ်။ Case Study လုပ်တဲ့ နေရာမှာ ကျမတို့ ရေးရာ ကော်မတီက ဒီလို ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှ ပိုပြီးတော့ ထိရောက်မှု ရှိတယ်။ ကျမတို့ကချည်းပဲ ဒါကြီးကို ကိုင်တွယ်နေလို့ မရဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက အစိုးရနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေဆိုတော့ အစိုးရဌာနဆိုင်ရာတွေက တာဝန်ရှိသူတွေ ဒီထဲမှာ ပါနေတော့ လုပ်ဆောင်မှုတွေ ပိုပြီး အဆင်ပြေ ချောမွေ့မယ်လို့ ထင်တယ်။ ဒီထဲမှာ တရားလွှတ်တော်ချုပ်ကလည်း ပါပါတယ်။ ဥပဒေ ရုံးကလည်း ပါပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading