ကျွဲနွားများကို စောင့်ရှောက်မည့် အမျိုးသား အနည်းငယ်မှအပ လူတိုင်း ရွာမှ ထွက်ပြေးခဲ့ကြရသည် ဟု ဒိုင်းနက် အမျိုးသမီး တဦး ဖြစ်သူ မလှအေးမွန်က ဆိုသည်။ အသက် ၃၀ ဝန်းကျင်ရှိ သူမသည် ရခိုင် ပြည်နယ်မြို့တော် စစ်တွေ၏ အရှေ့မြောက်ဘက် ၃၃ ကီလိုမီတာ အကွာ ရှိ ပုဏ္ဏားကျွန်းမြို့နယ်မှ ဘုန်းတော်ကြီးကျောင်း တခုတွင် နေရပ်စွန့်ခွာ ခိုလှုံနေရသည်။
သြဂုတ်လ ၂၅ ရက်နေ့ မနက်အစောပိုင်းက ARSA အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှု သတင်းများကြောင့် ရွာတွင် ဆက် မနေရဲဘဲ ပြေးလာရသည် ဟု သူမက ဆိုသည်။
“ကျမတို့က ကြောက်နေရတယ်။ ကုလား (ARSA အကြမ်းဖက်အဖွဲ့) တွေက လုံခြုံရေးစခန်း ၃၀ ကိုတောင် တိုက်ခိုက်ရဲသေးရင် ကျမတို့လို သာမန်ပြည်သူတွေကို ဘာလုပ်မလဲ” ဟု ဧရာဝတီ သတင်းဌာနသို့ ရှင်းပြသည်။
မလှအေးမွန် ခံစားနေရသော စိုးရိမ် ကြောက်လန့်မှုမျိုးကို သောင်းနှင့် ချီသော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ထွက်ပြေးရသူ များလည်း ခံစားကြရသည်။ သူမသည် ဘူးသီးတောင်မြို့နယ် တောင်မော်ကျေးရွာမှ ဖြစ်သည်။ တောင်မော် ကျေးရွာတွင် ဒိုင်းနက် မိသားစု ၈၀ ခန့် နေထိုင်ကြပြီး မေယုတောင်ခြေ အနီးတွင် တည်ရှိသည်။ ရွာသားများသည် လယ်ယာ လုပ်ငန်းနှင့် ဂဏန်းထောင်ခြင်း၊ ဖားရှာ ငါးဖမ်းခြင်း များဖြင့် အသက်မွေးကြ သော်လည်း သြဂုတ်လ ၂၅ ရက်နေ့ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ရွာပြင်ထွက် လုပ်ရသည့် အလုပ်များ လုပ်နိုင်ခြင်း မရှိတော့ကြောင်း မလှအေးမွန်က ရှင်းပြသည်။
မြန်မာနိုင်ငံရှိ ဒိုင်းနက်လူမျိုးစု လူဦးရေမှာ ၂၀၀၀၀ အောက်သာ ရှိမည်ဟု ခန့်မှန်း သိရှိရပြီး၊ ဒိုင်းနက်လူမျိုးများသည် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင်လည်း နေထိုင်ကြသည်။ ၎င်းတို့ကို သျှက္ကမ လူမျိုးများ အဖြစ် ခေါ်ဝေါ်ကြပြီး လူဦးရေ တစ်သိန်း (၁၀၀၀၀၀) ကျော်ရှိသည် ဟု ခန့်မှန်းကြသည်။ ၎င်းတို့သည် ရခိုင်ပြည်နယ်၏ လူမျိုးစုကွဲ ၆ ခု ဖြစ်သည့် မြို၊ ဒိုင်းနက်၊ သက်၊ မရမာကြီး၊ ကမိနှင့် ကမန် စသည့် လူမျိုးစုများတွင် ပါဝင်ကြသည်။
သြဂုတ်လက မောင်တောရှိ မြန်မာနယ်စပ် လုံခြုံရေးတပ်စခန်းများကို စစ်သွေးကြွများ၏ အကြမ်းဖက် တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ နယ်မြေ ရှင်းလင်းမှုစစ်ဆင်ရေးများတွင် အမျိုးသမီးများသည် မွေးကင်းစ ကလေးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများနှင့် အတူ ထွက်ပြေးကြရပြီး အမျိုးသားများထက် ဒုက္ခပိုမိုခံစားနေရသည်မှာ ထင်ရှားလှသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေးသွားသော ၎င်းတို့ကိုယ်ကို ရိုဟင်ဂျာဟု ခေါ်ဆိုသူ မွတ်စလင် ၄ သိန်း (၄၀၀၀၀၀) ကျော် ရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းသည်။ ထိုဒုက္ခသည်များက ၎င်းတို့၏ နေအိမ်များကို မြန်မာလုံခြုံရေးတပ်ဖွဲ့များက ဖျက်ဆီးပြီး ၎င်းတို့ကို နိုင်ငံမှ မောင်းထုတ်သည်ဟု စွပ်စွဲကြသည်။ ၎င်းတို့၏ အတိဒုက္ခများကို နိုင်ငံတကာမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြသည်။ တချိန်တည်းတွင် ပြည်တွင်းမှ နေရပ်စွန့်ခွာ ထွက်ပြေးရသူများသည်လည်း ၎င်းတို့ ဒေသပတ်ဝန်းကျင်တွင် စစ်သွေးကြွများ ရှိလာခြင်း အတွက် ကြောက်လန့်စွာပင် နေထိုင်နေကြရသည် ဟု ပြောဆိုသည်။
မြန်မာနိုင်ငံတွင် အစိုးရက သတင်းသမားများကို မောင်တောတောင်ပိုင်းရှိ အန္တရာယ်ကင်းသော နေရာများ သို့မဟုတ် အစိုးရ လုံခြုံရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်ရှိ နေရာများသို့သာ သွားရောက်သတင်းယူခွင့်ပြုသည်။ မောင်တော တောင်ပိုင်းတွင် ဒိုင်းနက်လူမျိုးစုများ အပါအဝင် ဒေသခံ ၃၀၀၀၀ ခန့်မှာ ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည်။ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားကြသော မွတ်စလင် အများစုမှာမူ မောင်တောမြို့မြောက်ဘက် ဘင်္ဂလားဒေ့ရှ် နယ်စပ် အနီးမှ ဖြစ်ကြသည်။
သတင်းရယူခွင့် နည်းပါးသောကြောင့် ဒိုင်နက်လူမျိုးများ ကဲ့သို့သော အုပ်စုများထံမှ ဖြစ်ရပ် အကြောင်းရင်းများကို အများအားဖြင့် ပြင်ပ ကမ္ဘာက မသိကြပေ။
ဧရာဝတီသတင်းဌာနနှင့် တွေ့ဆုံခဲ့သော ဒိုင်းနက်၊ ရခိုင်နှင့် ဟိန္ဒူ အပါအဝင် အမျိုးသမီးများက ၎င်းတို့၏ ကျေးရွာများတွင် လုံခြုံမှု မရှိဟု ခံစားရကြောင်း ပြောဆိုုကြသည်။ မကြာသေးမီက မွတ်စလင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုများကြောင့် သူတို့ လူမျိုးစုငယ် အုပ်စုများ ပျောက်ကွယ်သွားတော့မည်လား ဟူသော ထိတ်လန့်မှုများ ဖြစ်စေခဲ့သည်။
မွတ်စလင် အမျိုးသမီးများ ဘက်ကလည်း လုံခြုံရေး တပ်များက ၎င်းတို့ကို စစ်သွေးကြွများ အဖြစ် မှားယွင်းယူဆခြင်း သို့မဟုတ် အစိုးရ သတင်းပေးများဟု စစ်သွေးကြွများက မှားယွင်းသတ်မှတ်ခြင်း ခံရမည်ကို စိုးရိမ်ကြောက်ရွံ့နေကြရသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်၏ တရားဝင်လူဦးရေမှာ ၃ ဒသမ ၂ သန်း ရှိပြီး ဗုဒ္ဓဘာသာရခိုင် အများစု ဖြစ်သည်။ ထိုစုစုပေါင်းလူဦးရေထဲတွင် သန်းခေါင်စာရင်း ကောက်ယူမှုတွင် စာရင်း ထည့်သွင်းနိုင်ရေး အတွက် ပူးပေါင်း ဆောင်ရွက်မှု မရှိခဲ့သော ရိုဟင်ဂျာ အမည်ခံ မွတ်စလင် ၁ သန်းကျော်လည်း ပါဝင်သည်။ ရိုဟင်ဂျာဟူသော အခေါ်အဝေါ် ကို အစိုးရက အသိအမှတ် မပြုဘဲ ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းနေထိုင်သူများ ဖြစ်သဖြင့် ဘင်္ဂါလီများ အဖြစ်သာ မှတ်ပုံတင်ရန် ပြောဆိုမှုများကို ၎င်းတို့က လက်မခံကြပေ။
အကြမ်းဖက်မှုများသည် ယခုမှ ဖြစ်ခဲ့ခြင်း မဟုတ်။ ၁၉၉၄ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် ဗုဒ္ဓဘာသာဝင်များနှင့် မွတ်စလင်များ အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူထောင်ချီ နေရပ်စွန့်ခွာ ထွက်ပြေးမှုများ ရှိခဲ့သည်။ ယနေ့ အခြေအနေသည် ပြည်နယ် အတွင်းရှိ မတူကွဲပြားသော အသိုင်းအဝန်းများ အကြား ယုံကြည်မှုနှင့် ဆက်လက်ယှဉ်တွဲ နေထိုင်မှုလည်း ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။
၂၀၁၂ ခုနှစ်မှ စတင်ပြီး ၎င်းတို့၏ ရပ်ရွာသည် စိုးရိမ်ကြောင့်ကြမှုများနှင့် နေထိုင်နေရသည်ဟု သိမ်တောင်ပြင်ကျေးရွာမှ အသက် ၆၀ အရွယ် ဒိုင်းနက်အမျိုးသား ဦးချမ်းစိန်လှက ဆိုသည်။ အမျိုးသမီးများနှင့် မိန်းကလေးများသည် ထိုအချိန်မှ စတင်ပြီး ရန်ကုန်ရှိ စက်မှုဇုန်များသို့ သွားရောက် အလုပ် လုပ်နေပြီး ထိုနေရာများသည်သာ သူတို့ အတွက် လုံခြုံသည်ဟု ခံစားရကြောင်းလည်း သူက ပြောသည်။
၎င်း၏ရွာသည် အစိုးရထံမှ ဖြစ်စေ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများထံမှ ဖြစ်စေ အကူအညီ အထောက်အပံ့ တခါမျှ မရဘူးကြောင်းလည်း သူက ရှင်းပြသည်။
ရခိုင်နှင့် မွတ်စလင်များ နေထိုင်ရာ မောင်တောမြို့နယ် အလယ်သံကျော်ကျေးရွာမှ ရခိုင်အမျိုးသမီး တဦးဖြစ်သူ မသက်က တိုက်ခိုက်မှု မဖြစ်မီ တရက်အလို ဖြစ်သော သြဂုတ်လ ၂၄ ရက်နေ့တွင် တဖက် အသိုင်းအဝိုင်းဘက်မှ ရန်လိုသည့် အပြုအမှုများ မြင်ရသည့် အတွက် စိတ်မသက်သာ ခံစားရသည် ဟု လွန်ခဲ့သည့် ၃ ပတ်က အခြေအနေကို ပြန်ရှင်းပြသည်။ အလယ်သံကျော် ရွာတွင် လုံခြုံရေးစခန်း တိုက်ခိုက်ခံရမှု အပြီး နှစ်ဖက် အသိုင်းအဝိုင်းများ၏ နေအိမ်များ၊ ဈေးဆိုင်များ မီးရှိုခံခဲ့ရသည်။
မွတ်စလင်ကျေးရွာပေါင်း ၁၇၆ ရွာမှ ရွာသားများ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးကြ သော်လည်း လုံးဝထွက်မပြေးသည့် ရွာပေါင်း ၂၆၁ ရွာ ကျန်ရှိနေသည်။ ထွက်ပြေးသူများသည် အကြမ်းဖက် အဖွဲ့ဟု သတ်မှတ်ထားသည့် ARSA နှင့် ပတ်သက်သူများ ဖြစ်သည်ဟု အစိုးရ သတင်းထုတ်ပြန်ရေး ကော်မတီက ကြေညာထားသည်။ သီတင်း နှစ်ပတ် အတွင်း အစိုးရနှင့် စစ်သွေးကြွ အဖွဲ့များအကြား တိုက်ပွဲပေါင်း ၉၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်သွေးကြွဟု သံသယရှိသူ ၄၀၀ ခန့် သေဆုံးသည် ဟုလည်း ကြေညာသည်။
ရွာကို စွန့်ခွာပြီး ထွက်ခွာ မသွားလိုကြောင်း မောင်တောရှိ မြို့မ ကညင်တန်းရပ်ကွက်မှ အသက် ၆၄ နှစ်အရွယ် မွတ်စလင် အမျိုးသမီး ဒေါ်ရွှေနုက ယခင် သီတင်းပတ်က သတင်းထောက်များကို ပြောဆိုခဲ့သည်။ သူမ၏ ရပ်ကွက်သည် မီးရှို့ တိုက်ခိုက်ခံရမှုများမှ ကင်းလွတ်ခဲ့သည်။
“ဒီလို မတည်မငြိမ်ဖြစ်နေတော့ အရမ်းစိတ်မကောင်းဘူး။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ” ဟု အစိုးရ၏ အစီအစဉ်ဖြင့် စက်တင်ဘာ လဆန်းက သတင်းထောက်များ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် သတင်းထောက်များအား သူမက ပြောပြခဲ့ သည်။
နယ်စပ်သို့ထွက်ပြေးလျင်လည်း အကုန်အကျ မနည်းလှ။ ထွက်ပြေးသူများသည် နတ်မြစ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ကူးတို့ လှေဖြင့် သွားရန် ငွေကြေးပေးရသည်။
“ကျမတို့ မသွားဘူး။ သူတို့ တောင်းတာလည်း ပေးဖို့ မရှိဘူး။ သူတို့ တသိန်း နှစ်သိန်း (ကျပ်) တောင်းတာ” ဟု ဒေါ်ရွှေနုက ဆိုသည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု နောက်ဆက်တွဲ အဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးရသူ သိန်းချီ ရှိနေသောကြောင့် ကမ္ဘာ့ သတင်းမီဒီယာများတွင် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ထွက်ပြေးနေသူများကို ပိုမိုအလေးပေး ဖော်ပြ နေကြသည်။
ဂျာမဏီနိုင်ငံမှ ကမ္ဘာလှည့်ခရီးသည် တဦးဖြစ်သူ ရန်းဟတ် အန်ဘာရစ် (Reinhart Unverricht) ဆိုသူက ရခိုင်ပြည်နယ်မှ အကြပ်အတည်း ခက်ခဲများကို ကိုယ်တိုင် မြင်လိုက်ရသည့် အတွက် အံ့သြရသည် ဟု ဧရာဝတီ သတင်းထောက်နှင့် ပုဏ္ဏားကျွန်းတွင် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
“ဒီဘက်ရော၊ ဟိုဘက်ရော တကယ်ပဲ ဒီလိုဖြစ်နေတာ ဆိုတာ အခြေအနေအမှန်ကို မြင်မှပဲ သေချာ သိနိုင်တာ။ ကျနော်တို့ အတွက်တော့ အခြေအနေကို နားလည်ဖို့ တော်တော်ကို ခက်ခဲတယ်” ဟု ၎င်းက ဆိုသည်။
ရန်းဟတ် အန်ဗာရစ်က ဘင်္ဂလားဒေ့ရှ်ဘက်မှ နိုင်ငံတကာ သတင်းထောက်များ တင်ပြသော သတင်းများကို ဂျာမဏီ အပါအဝင် နိုင်ငံတကာ မီဒီယာများမှ တဆင့် အများအပြား ကြားသိရပြီး ထိုသတင်းများသည် ရခိုင်ပြည်နယ်အတွင်း ၎င်း မြင်တွေ့ရသည်နှင့် ကွဲပြားလျက် ရှိသည်ဟု ဆိုသည်။ “သူတို့က ဒီဘက်က အခြေအနေကို မပြဘူး။ ဒီမှာလည်း အခြေ အနေ တွေက ဆိုးရွားတာပဲ” ဟု ၎င်းက ဒိုင်းနက်လူမျိုးများ ခိုလှုံနေသော စခန်းကို ရည်ရွယ်ပြောကြားသည်။ ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် ငြိမ်းငြိမ်း၏ The Internally Displaced Women of Rakhine ကို ဘာသာပြန်သည်။)